ဘလော့ဂါများနေ့မှာ အမသက်ဝေတဂ်သော အိတ်မှောက်ဖာသွန် Tag Post ကို အမှတ်တရ ရေးဖြစ်ပါတယ်။ အမသက်ဝေရဲ့ခေါင်းစဉ်ကိုလဲ နဲနဲပြောင်းမိသွားတယ် ၊ အဲဒီအတွက် ခွင့်ပြုပါနော်။
အိတ်မှောက်သွန်ပစ် သုံးဆယ့်တစ် ၊ ကိုညီလင်းသစ်ရဲ့ ခေါင်းစဉ်ကိုယူမိတယ် ၊ ကာရံနဘေထပ်ချင်လို့ပါ။ :) အမမြသွေးနီလိုယူလိုက်မိတာပါ။ ၃၁ရက်နေ့မှာမှ ရေးဖြစ်တာကြောင့် ရွတ်လို့ကောင်းအောင် အရှေ့တဝက်ဘဲယူယူ ၊ ကိုညီလင်းသစ် ခေါင်းစဉ်ကိုယူမိတော့ စားချင်တာရှိရင်လဲ ဝယ်ကျွေးပါ့မယ်။ :D
အိတ်ကိုသွန်မှောက်ပြီး ဓာတ်ပုံရိုက်နေလို့ အမေနှစ်ယောက်က ဘာလုပ်နေတာလဲတဲ့။ Blog မှာတင်ဖို့ Tag Post ပါလို့ ဖြေရှင်းရသေးတယ်။
အိတ်ကိုသွန်၍ မှောက်ကြည့်သောအခါ ဒီပစ္စည်းလေးများထွက်ကျလာပါသည်။
ပုံထဲကအတိုင်း အပေါ်ကနေအောက်အစဉ်လိုက် ရေးသွားလိုက်မယ်နော်။
ပထမ စတွေ့ရတာကတော့ လရိပ်အပြင်သွားရင် လွယ်တဲ့အိတ်ပါ ၊ ပစ္စည်းတွေသွန်ထားတယ်ဆိုတော့ အိတ်အဖုံးကိုပါလှန်ထားလိုက်တယ်။ အိတ်အဖုံးပေါ်မှာတွေ့ရတာက ဦးထုပ်ပါ။
အိတ်ရဲ့ဘေးက ပစ္စည်းဝယ်တာဖြစ်ဖြစ် ၊ စားသောက်ဆိုင်မှာ စားရင်ဖြစ်ဖြစ် ရတဲ့ဘောက်ချာစာရွက်လေးတွေပါ ၊ အဲဒီထဲမှာပါတဲ့ ဂဏန်းတွေကိုဘဲ ထီတိုက်သလိုမျိုး ပြန်တိုက်လို့ရပါတယ်။ နှစ်လတခါ တိုက်ရပါတယ်။ တချို့မပေးတဲ့ဆိုင်တွေလဲရှိပါ တယ် ၊ ပေးတာများပါတယ်။ သူ့အောက်ကတော့ အိမ်သော့နဲ့လှေကားသော့ပါ။ သော့ထဲမှာ ပါနေတဲ့ ကဒ်လေးတွေက ပစ္စည်းဝယ်ရင်သုံးတဲ့အသင်းဝင်ကဒ် ပါ။
နောက်တလိုင်းက အားလုံးရဲ့ရင်ထဲမှာရှိတဲ့ မျှော်လင့်ချက် - ထီလက်မှတ်ဖြစ်ပါတယ်။ ဆုသေးဘဲ ပေါက်တာများတယ်။ ဆုကြီးကိုတော့ သစ်ကုလားအုပ်လိုဘဲ မျှော်နေရတယ်။ ထီလက်မှတ်အောက်မှာတွေ့ရတဲ့ ပန်းရောင်ဘူးလေးက ဆေးဘူးပါ ၊ သူ့အောက်က အဖြူရောင်ပန်းပွင့်ဘူးလေးကလဲ ဆေးဘူးပါဘဲ ၊ ဆေးဘူးအောက်မှာတွေ့ရတာက အစာအိမ်နဲ့ပတ်သက်လို့သောက်ရတဲ့ ဆေးကဒ်ပါ ၊ သိပ်သောက်လေ့မရှိပါဘူး။ တခါတရံ ဗိုက်အောင့်မှသောက်ဖြစ်ပါတယ်။ ပိုပိုလိုလို ထည့်ထားတာပါ။ ဆေးကတော့ သိတဲ့အတိုင်း ဘယ်သူမှသောက်ချင်ကြမှာမဟုတ်ပါဘူး။ လိုအပ်လို့ သောက်နေရတော့လဲ မြန်မြန်နေကောင်းချင်ပါတယ်။ အောက်ကတော့ ဖုန်းပါ။
စာအုပ်တအုပ်တော့ အမြဲသယ်ဖြစ်ပါတယ် ၊ စာရေးမယ်ဆိုရင် အဲဒီစာအုပ်သယ်ပါတယ်။ အဲဒီတစ်အုပ်သယ်တာ များပါတယ်။ ဆေးခန်းသွားပြရင်တော့ ဖတ်စရာစာအုပ် တစ်အုပ်သယ်ပါတယ်။ ဘောပင်လဲ အမြဲထည့်ပါတယ် ၊ အပြာရောင်က ဖျက်တိပ် (correction tape) ပါ။စာအုပ်အောက်က ပန်းရောင်အိတ်လေးက အကြွေထည့်တဲ့အိတ်ပါ ၊ အထဲမှာ သံလိုက်တပြားပါတယ် ၊ စတီးခွက်အစစ်ရှာနေတာ ၊ ခုနောက်ပိုင်းရှာနေတာ ၊ ရှာတာဘဲအဖတ်တင်တယ် ၊ အကုန်သံလိုက်လိုက်တယ်။ အမေက စတီးခွက်အစစ်နဲ့သောက်ရင် ကောင်းတယ်ဆိုလို့။ ကြွေခွက်လဲရတယ် ပြောတယ် ၊ ကြွေခွက်နဲ့ကမသောက်ချင်တာမဟုတ် ဘူး ၊ လက်ကနေ ပြုတ်ကျမှာစိုးတာ။:P အကြွေအိတ်ဘေးက ရှုဆေးတောင့်။ အောက်ကအိတ်က ပိုက်ဆံရွက် ထည့်တဲ့အိတ်ပါ။ အများကြီးမဟုတ်ပါဘူး ၊ ခုနှစ်ရာတည်းပါ။ အထဲမှာ ဆေးခန်းသွားပြတဲ့ကဒ် ၊ ပိုက်ဆံထုတ်တဲ့ကဒ် ၊ ကျန်တဲ့ကဒ်ကတော့ ပစ္စည်းဝယ်တဲ့ မမ်ဘာကဒ်တွေပါ။ သူများတွေလို ခရက်ဒစ်ကဒ်လဲ မရှိပါ။
ထီး အမြဲသယ်ပါတယ် ၊ ဦးထုပ်လဲသယ် ၊ ထီးလဲသယ်။ ဦးထုပ်က နေပူတဲ့အခါ နဲ့ မိုးတစက် ၊ နှစ်စက်ရွာတဲ့အခါမှာ ထီးမဆောင်းချင်လို့ပါ။ အမေကဘယ်သွားသွား ဦးထုပ်ဆောင်းမှကြိုက်တယ်။ အဲဒါကြောင့်လဲ သယ်တာပါ။ ထီးအောက်ကအိတ်က ပစ္စည်းဝယ်ပြီးရင် အိတ်ဝယ်ရတာများတယ် ၊ မဝယ်ချင်လို့ အိမ်မှာရှိတဲ့အိတ်ကို ထည့်ထားတာပါ။ အရင်ကဆို ပစ္စည်းဝယ်ရင် အိတ်တွေပေးတယ် ၊ ခုက ဖောင်းပွမှုကြောင့် မပေးဘူးဖြစ်သွားတာ ကြာပေါ့။ tissue တစ်ထုပ် ၊ tissue အောက်က Winnie Pooh နဲ့က ဘတ်စ်ကား စီး ၊ MRT စီးတဲ့ကဒ်ပါ။ tissue ဘေးက အဖြူရောင်နဲ့က အလုပ်လျှောက်တဲ့စာရွက်ပါ ၊ ကျန်းမာရေးကြောင့် အလုပ်ရပ်နားထားပြီး ခုအလုပ်ပြန်ရှာနေလို့ပါ။ အပြင်သွားတော့ လမ်းမှာကြိုက်တဲ့အလုပ်တွေ့ရင် လျှောက်ပစ်လိုက်တာဘဲ။ ခု အလုပ်က နဲနဲရှာရခက်နေတယ် ၊ ဘာလို့လဲဆိုတော့ သူတို့က အိုဗာတိုင် ဆင်းစေချင်တယ် ၊ လရိပ်က ညကျောင်းတက်ချင်တယ် ၊ အဲဒီမှာ မကိုက်ဘူး ဖြစ်နေလို့ အလုပ်တော်တော်များများက မခေါ်ဘူး။ အလုပ်ချိန်တွေက ကို့လို့ကန့်လန့်တွေ။ အမေကလဲ လရိပ်ကျန်းမာရေးကို စိတ်ပူနေတာတွေပါတာပေါ့။ အောက်ဆုံးကတော့ ရေဘူးပါ။ ဆေးသောက်မှတော့ ရေဆိုတာ မရှိမဖြစ်လိုလာပြီလေ။ လမ်းမှာအလုပ်လျှောက်ဖြစ်တော့ ပြန်ဖြည့်ရ ၊ ဖျက်ရတာမျိုးတွေရှိနေလို့ ဘောပင်နဲ့ ဖျက်တိပ် ဆောင်ထားတာပါ။ ဘောပင်က အရင်ဆိုလုံးဝမသယ်ဘူး ၊ ခုက လမ်းရောက်လို့စာဖြစ်ဖြစ် ၊ ကဗျာစာသားဖြစ်ဖြစ် အတွေးဝင်သွားရင် စာကြောင်းတွေထွက်လာလို့ အမြန်ရေးရတာပါ။ အိမ်ရောက်မှ ပြန်ရေးရင် ဘာမှမမှတ်မိတော့လို့ပါ။ အလုပ်လျှောက်တာလဲ ပါတာပေါ့။
ရေးတယ်သာပြောနေတာ ၊ ဘာ post မှလဲမတင်ဘူးနော် ၊ ဟိဟိ။
ခုက နွေရာသီဆိုတော့ နှုတ်ခမ်းဆီမထည့်ထားဘူး။ ပျော့သွားလို့။ ဆောင်းတွင်း နှုတ်ခမ်းကွဲမှထည့်ဖြစ်တယ်။
အမေက ပုံကြည့်ပြီး လရိပ်အိတ်ထဲမှာ ဘာမှမရှိပါလားတဲ့ ၊ ဘာမှတာမရှိတာ လရိပ်အိတ်ကို သွားချိန်တာ ၁ကီလိုကျော်တယ်။
ဘလော့ဂ်ဒေးမှာ ဘလော့ဂါတိုင်း ပျော်ရွှင်မှုအပေါင်းနဲ့ စိတ်ကျန်းမာ ၊ ကိုယ်ချမ်းသာရှိကြပါစေ။
လေးစားစွာဖြင့်
လရိပ်အိမ်
