Saturday, August 31, 2013

အိတ်မှောက်သွန်ပစ် သုံးဆယ့်တစ် ( Tag Post )



ဘလော့ဂါများနေ့မှာ အမသက်ဝေတဂ်သော အိတ်မှောက်ဖာသွန် Tag Post ကို အမှတ်တရ ရေးဖြစ်ပါတယ်။ အမသက်ဝေရဲ့ခေါင်းစဉ်ကိုလဲ နဲနဲပြောင်းမိသွားတယ် ၊ အဲဒီအတွက် ခွင့်ပြုပါနော်။

အိတ်မှောက်သွန်ပစ် သုံးဆယ့်တစ် ၊ ကိုညီလင်းသစ်ရဲ့ ခေါင်းစဉ်ကိုယူမိတယ် ၊ ကာရံနဘေထပ်ချင်လို့ပါ။ :) အမမြသွေးနီလိုယူလိုက်မိတာပါ။ ၃၁ရက်နေ့မှာမှ ရေးဖြစ်တာကြောင့် ရွတ်လို့ကောင်းအောင် အရှေ့တဝက်ဘဲယူယူ ၊ ကိုညီလင်းသစ် ခေါင်းစဉ်ကိုယူမိတော့ စားချင်တာရှိရင်လဲ ဝယ်ကျွေးပါ့မယ်။ :D

အိတ်ကိုသွန်မှောက်ပြီး ဓာတ်ပုံရိုက်နေလို့ အမေနှစ်ယောက်က ဘာလုပ်နေတာလဲတဲ့။ Blog မှာတင်ဖို့ Tag Post ပါလို့ ဖြေရှင်းရသေးတယ်။

အိတ်ကိုသွန်၍ မှောက်ကြည့်သောအခါ ဒီပစ္စည်းလေးများထွက်ကျလာပါသည်။





ပုံထဲကအတိုင်း အပေါ်ကနေအောက်အစဉ်လိုက် ရေးသွားလိုက်မယ်နော်။

ပထမ စတွေ့ရတာကတော့ လရိပ်အပြင်သွားရင် လွယ်တဲ့အိတ်ပါ ၊ ပစ္စည်းတွေသွန်ထားတယ်ဆိုတော့ အိတ်အဖုံးကိုပါလှန်ထားလိုက်တယ်။ အိတ်အဖုံးပေါ်မှာတွေ့ရတာက ဦးထုပ်ပါ။ 

အိတ်ရဲ့ဘေးက ပစ္စည်းဝယ်တာဖြစ်ဖြစ် ၊ စားသောက်ဆိုင်မှာ စားရင်ဖြစ်ဖြစ် ရတဲ့ဘောက်ချာစာရွက်လေးတွေပါ ၊ အဲဒီထဲမှာပါတဲ့ ဂဏန်းတွေကိုဘဲ ထီတိုက်သလိုမျိုး ပြန်တိုက်လို့ရပါတယ်။ နှစ်လတခါ တိုက်ရပါတယ်။ တချို့မပေးတဲ့ဆိုင်တွေလဲရှိပါတယ် ၊ ပေးတာများပါတယ်။ သူ့အောက်ကတော့ အိမ်သော့နဲ့လှေကားသော့ပါ။ သော့ထဲမှာ ပါနေတဲ့ ကဒ်လေးတွေက ပစ္စည်းဝယ်ရင်သုံးတဲ့အသင်းဝင်ကဒ်ပါ။ 

နောက်တလိုင်းက အားလုံးရဲ့ရင်ထဲမှာရှိတဲ့ မျှော်လင့်ချက် - ထီလက်မှတ်ဖြစ်ပါတယ်။ ဆုသေးဘဲ ပေါက်တာများတယ်။ ဆုကြီးကိုတော့ သစ်ကုလားအုပ်လိုဘဲ မျှော်နေရတယ်။ ထီလက်မှတ်အောက်မှာတွေ့ရတဲ့ ပန်းရောင်ဘူးလေးက ဆေးဘူးပါ ၊ သူ့အောက်က အဖြူရောင်ပန်းပွင့်ဘူးလေးကလဲ ဆေးဘူးပါဘဲ ၊  ဆေးဘူးအောက်မှာတွေ့ရတာက အစာအိမ်နဲ့ပတ်သက်လို့သောက်ရတဲ့ ဆေးကဒ်ပါ ၊ သိပ်သောက်လေ့မရှိပါဘူး။ တခါတရံ ဗိုက်အောင့်မှသောက်ဖြစ်ပါတယ်။ ပိုပိုလိုလို ထည့်ထားတာပါ။ ဆေးကတော့ သိတဲ့အတိုင်း ဘယ်သူမှသောက်ချင်ကြမှာမဟုတ်ပါဘူး။ လိုအပ်လို့ သောက်နေရတော့လဲ မြန်မြန်နေကောင်းချင်ပါတယ်။ အောက်ကတော့ ဖုန်းပါ။

စာအုပ်တအုပ်တော့ အမြဲသယ်ဖြစ်ပါတယ် ၊ စာရေးမယ်ဆိုရင် အဲဒီစာအုပ်သယ်ပါတယ်။ အဲဒီတစ်အုပ်သယ်တာ များပါတယ်။ ဆေးခန်းသွားပြရင်တော့ ဖတ်စရာစာအုပ် တစ်အုပ်သယ်ပါတယ်။ ဘောပင်လဲ အမြဲထည့်ပါတယ် ၊ အပြာရောင်က ဖျက်တိပ် (correction tape) ပါ။စာအုပ်အောက်က ပန်းရောင်အိတ်လေးက အကြွေထည့်တဲ့အိတ်ပါ ၊ အထဲမှာ သံလိုက်တပြားပါတယ် ၊ စတီးခွက်အစစ်ရှာနေတာ ၊ ခုနောက်ပိုင်းရှာနေတာ ၊ ရှာတာဘဲအဖတ်တင်တယ် ၊ အကုန်သံလိုက်လိုက်တယ်။ အမေက စတီးခွက်အစစ်နဲ့သောက်ရင် ကောင်းတယ်ဆိုလို့။ ကြွေခွက်လဲရတယ် ပြောတယ် ၊ ကြွေခွက်နဲ့ကမသောက်ချင်တာမဟုတ်ဘူး ၊ လက်ကနေ ပြုတ်ကျမှာစိုးတာ။:P အကြွေအိတ်ဘေးက ရှုဆေးတောင့်။ အောက်ကအိတ်က ပိုက်ဆံရွက် ထည့်တဲ့အိတ်ပါ။  အများကြီးမဟုတ်ပါဘူး ၊ ခုနှစ်ရာတည်းပါ။ အထဲမှာ ဆေးခန်းသွားပြတဲ့ကဒ် ၊ ပိုက်ဆံထုတ်တဲ့ကဒ် ၊ ကျန်တဲ့ကဒ်ကတော့ ပစ္စည်းဝယ်တဲ့ မမ်ဘာကဒ်တွေပါ။ သူများတွေလို ခရက်ဒစ်ကဒ်လဲ မရှိပါ။

ထီး အမြဲသယ်ပါတယ် ၊ ဦးထုပ်လဲသယ် ၊ ထီးလဲသယ်။ ဦးထုပ်က နေပူတဲ့အခါ နဲ့ မိုးတစက် ၊ နှစ်စက်ရွာတဲ့အခါမှာ ထီးမဆောင်းချင်လို့ပါ။ အမေကဘယ်သွားသွား ဦးထုပ်ဆောင်းမှကြိုက်တယ်။ အဲဒါကြောင့်လဲ သယ်တာပါ။ ထီးအောက်ကအိတ်က ပစ္စည်းဝယ်ပြီးရင် အိတ်ဝယ်ရတာများတယ် ၊ မဝယ်ချင်လို့ အိမ်မှာရှိတဲ့အိတ်ကို ထည့်ထားတာပါ။ အရင်ကဆို ပစ္စည်းဝယ်ရင် အိတ်တွေပေးတယ် ၊ ခုက ဖောင်းပွမှုကြောင့် မပေးဘူးဖြစ်သွားတာ ကြာပေါ့။ tissue တစ်ထုပ် ၊ tissue အောက်က Winnie Pooh နဲ့က ဘတ်စ်ကား စီး ၊ MRT စီးတဲ့ကဒ်ပါ။ tissue ဘေးက အဖြူရောင်နဲ့က အလုပ်လျှောက်တဲ့စာရွက်ပါ ၊ ကျန်းမာရေးကြောင့် အလုပ်ရပ်နားထားပြီး ခုအလုပ်ပြန်ရှာနေလို့ပါ။ အပြင်သွားတော့ လမ်းမှာကြိုက်တဲ့အလုပ်တွေ့ရင် လျှောက်ပစ်လိုက်တာဘဲ။ ခု အလုပ်က နဲနဲရှာရခက်နေတယ် ၊ ဘာလို့လဲဆိုတော့ သူတို့က အိုဗာတိုင် ဆင်းစေချင်တယ် ၊ လရိပ်က ညကျောင်းတက်ချင်တယ် ၊ အဲဒီမှာ မကိုက်ဘူး ဖြစ်နေလို့ အလုပ်တော်တော်များများက မခေါ်ဘူး။ အလုပ်ချိန်တွေက ကို့လို့ကန့်လန့်တွေ။ အမေကလဲ လရိပ်ကျန်းမာရေးကို စိတ်ပူနေတာတွေပါတာပေါ့။ အောက်ဆုံးကတော့ ရေဘူးပါ။ ဆေးသောက်မှတော့ ရေဆိုတာ မရှိမဖြစ်လိုလာပြီလေ။ လမ်းမှာအလုပ်လျှောက်ဖြစ်တော့ ပြန်ဖြည့်ရ ၊ ဖျက်ရတာမျိုးတွေရှိနေလို့ ဘောပင်နဲ့ ဖျက်တိပ် ဆောင်ထားတာပါ။ ဘောပင်က အရင်ဆိုလုံးဝမသယ်ဘူး ၊ ခုက လမ်းရောက်လို့စာဖြစ်ဖြစ် ၊  ကဗျာစာသားဖြစ်ဖြစ် အတွေးဝင်သွားရင် စာကြောင်းတွေထွက်လာလို့ အမြန်ရေးရတာပါ။ အိမ်ရောက်မှ ပြန်ရေးရင် ဘာမှမမှတ်မိတော့လို့ပါ။ အလုပ်လျှောက်တာလဲ ပါတာပေါ့။
ရေးတယ်သာပြောနေတာ ၊ ဘာ post မှလဲမတင်ဘူးနော် ၊ ဟိဟိ။

ခုက နွေရာသီဆိုတော့ နှုတ်ခမ်းဆီမထည့်ထားဘူး။ ပျော့သွားလို့။ ဆောင်းတွင်း နှုတ်ခမ်းကွဲမှထည့်ဖြစ်တယ်။ 

အမေက ပုံကြည့်ပြီး လရိပ်အိတ်ထဲမှာ ဘာမှမရှိပါလားတဲ့ ၊ ဘာမှတာမရှိတာ လရိပ်အိတ်ကို သွားချိန်တာ ၁ကီလိုကျော်တယ်။

ဘလော့ဂ်ဒေးမှာ ဘလော့ဂါတိုင်း ပျော်ရွှင်မှုအပေါင်းနဲ့ စိတ်ကျန်းမာ ၊ ကိုယ်ချမ်းသာရှိကြပါစေ။


လေးစားစွာဖြင့်
လရိပ်အိမ်

19 comments:

  1. ဘလော့ဒေးနဲ့အိတ်မှောက်တာနဲ့ပေါင်းလိုက်တယ်ပေါ့ :)
    ဦးထုတ်အဖြူ အိတ်အဖြူလေးနဲ့ ချစ်စရာကောင်းနေမဲ့ ကောင်မလေးတစ်ယောက်ကို မှန်းဆမြင်ယောင်ကြည့်လိုက်တယ်...

    ReplyDelete
  2. Rose of Sharon : ဟုတ်တယ် ၊ ပေါင်းပစ်လိုက်တယ် အမ။ ဘာလို့ဆိုတော့ ခေါင်းစဉ်က ကာရံမလိုက်ဖြစ်နေတာရယ် ၊ ဘလော့ဂ်ဒေးကိုလဲ ဘာရေးရမှန်းမသိတာရယ်နဲ့ပေါင်းဖြစ်သွားတာ။ အမတို့ရေးပြီးမှဘဲ လာဖတ်တော့မယ်။ :)
    ချစ်စရာကောင်းတယ်ဆိုလို့ ကျေးဇူးပါအမ။ ညီမပုံမြင်မှ လန့်မပြေးနဲ့နော်။

    ReplyDelete
  3. ညီမက ဘလော့ဂ်ဒေးရယ် တဂ်ပို့စ်ရယ်ကို ပေါင်းပြီး ခဲတစ်လုံးတည်းနဲ့ ငှက် ၂ ကောင် ပစ်ချလိုက်တာပေါ့လေ...၊း))

    ညီမလရိပ်ရေးတဲ့ တဂ်ပို့စ်လေးကို သဘောကျတယ်၊ အမေပြောသလိုပဲ...၊ အိတ်ကလေးက ရှင်းရှင်းလေး၊ ဒါပေမယ့် ကိုယ့်ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုတဲ့ ပစ္စည်းလေးတွေနဲ့မို့ လက်တွေ့ဆန်တယ်၊ ဒါနဲ့ အလုပ်လျှောက်တဲ့စာရွက် ဆိုတာ ဘယ်လိုမျိုးလဲ-လို့ စိတ်ဝင်စားသွားတယ်၊ CV လား? format နဲ့ အသင့်ရေးထားတဲ့ လျှောက်လွှာစာရွက် လိုမျိုးလား?

    ကျနော်လည်း ညီမဆီကို မရောက်ဖြစ်တာ အတော်ကြာနေတဲ့အချိန်မှာ အခုလို တဂ်ပို့စ်လေးနဲ့ လာဖိတ်တာ ကျေးဇူးပါနော်၊း) အဲ.. ခေါင်းစဉ်နဲ့ ပတ်သက်လို့ကတော့ တဝက်ပဲယူတာ ဆိုတော့ အချိုပွဲလောက်ပဲ စားပါ့မယ်လေ၊းP အစ်မမြသွေးနီ ဆီမှာလည်း မုန့်ဟင်းခါး စားရဦးမှာ ဆိုတော့..။ :)

    ReplyDelete
  4. အော် သူများတွေများ သွန်ပြစရာ အိတ်ရှိသေးတယ်။ မကြီးလွမ်းမှာတော့ သွန်ပြစရာ အိတ်ကိုမရှိတာ လရိပ်ရေ။
    လရိပ်အိတ်ထဲက စိတ်ဝင်စရာလေးတွေ ဖတ်သွားတယ်နော်။



    မေတ္တာဖြင့်
    မကြီးလွမ်း

    ReplyDelete
  5. ဘလော့ဂ်ဒေးမှာ သွန်တဲ့အိတ်လေး လာကြည့်သွားတယ် :)

    ReplyDelete
  6. ငှက်နှစ်ကောင်ဖမ်းတာ ဆိုတော့ တစ်ကောက်လောက်တော့ လက်ဆောင်တောင်းသွားရင် အဆင်ပြေမယ် ထင်တယ်နော် လရိပ် ..:)

    ReplyDelete
  7. ကိုညီလင်းသစ် --- အဲဒီလိုလဲ မဟုတ်ရပါဘူး ၊ ဘလော့ဂ်ဒေးကို ဘာရေးရမှန်းမသိလို့ အမသက်ဝေရဲ့တဂ်ကလေးနဲ့ဘဲ ပစ်လိုက်ရုံတင်ပါ။ မြိုင်ရာဇာတွတ်ပီ ဖြစ်သွားလို့ထင်ပါရဲ့ ၊ ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ကျလာတာဖြစ်မှာ။ :P
    အလုပ်လျှောက်တဲ့စာရွက် ဆိုတာ ကိုညီလင်းသစ်ပြောသလို format နဲ့ပါ။ စလုံးမှာလို ကိုယ့်ကိုယ် Resume ရေးစရာမလိုဘူး။ သူမေးထားတာလေး ကွက်လပ်လေးတွေ ထားထားတယ် ၊ အဲဒါကို လိုက်ဖြည့်ရုံပါဘဲ။
    ရပါတယ် ၊ ဘယ်ဟာဘဲစားစား အဝကျွေးပါ့မယ်။

    မကြီးလွမ်း --- မကြီးလွမ်းမှာမရှိရင် မကြီးလွမ်းချစ်ချစ်ဆီမှာရှိမှာပါ ၊ နှစ်ယောက်စာထည့်ထားတော့ ပိုတောင်ပြည့်စုံနေအုန်းမှာ ၊ အဲဒါဘဲ မှောက်လိုက်ပါလားဟင်။ :D

    ညိုလေးနေ --- သွန်တဲ့အိတ်လေးလာကြည့်သွားလို့ ကျေးဇူးပါ။ :)

    မအိန်ဂျယ်လှိုင် --- ကြိုက်တဲ့ငှက်သာ ယူသွားပါ ၊ ပေးပါ့မယ်။ ဒါနဲ့ ဘယ်ငှက်ကိုပြောတာလဲဟင်? :P


    ReplyDelete
  8. ကဲ..လရိပ်အိတ်ကို လာချောင်းကြည့်သွားတယ်ဗျိုးးး

    ReplyDelete
  9. မိန်းကလေးတွေ သွန်တဲ့ အိတ်တွေထဲ တအိတ်ထဲသော ဦးထုပ်ပါတဲ့ အိတ်ကလေးမို့ အမှတ်ရနေမှာပါ...
    Happy Blog Day ညီမ လရိပ်...း-)

    ReplyDelete
  10. သူ့ ပစ္စည်းလေးတွေက အကုန် သေးသေးလေးတွေ :))
    ဟက်ပီး ဘလော့ဂ်ဒေးးးးးးးး :))

    ReplyDelete
  11. blackroze --- အားရပါးရသာ ချောင်းပါ။

    မသက်ဝေ --- ဟုတ်ကဲ့ ၊ အမှတ်ရနေမဲ့အတွက် ကျေးဇူး။ Happy Blog Day !!!

    ရွှေအိမ်စည် --- အိတ်ကလဲ နဲနဲသေးတော့ ပစ္စည်းက အကြီးတွေထည့်လို့ရဘူးလေ။ ဟက်ပီး ဘလော့ဂ်ဒေး !!!

    ReplyDelete
  12. လရိပ်ရယ်..နေကာညက်မှန်ကြီးနဲ့လာဖတ်သွားတယ်နော်း)) အိတ်ကလေးကရှင်းရှင်းလေး သိပ်သဘောကျတာပဲ

    ချစ်ခင်လျက်
    ဆုမြတ်

    ReplyDelete
  13. ညီမလေး ပို့စ်ကို တူးအင်ဝမ်းလုပ်သွားတာပဲ ဘလော့ဒေးမှာ အိတ်မှောက်လိုက်သည်ပေါ့...။ အိတ်တွေအားလုံးသွားချောင်းကြည့်တော့မှာ ကိုယ့်အိတ်ထဲမယ်ပဲ ဆေးမပါတာ နောက်ဆို ဆောင်ထားရမယ် အစာကြေဆေးတို့ ခေါင်းကိုက်ပျောက်ဆေးတို့ပေါ့...း) ဘလော့ဒေးတဲ့ တဂ်ပို့တွေတက်လာပြန်ကြပြီ... အရင်တုန်ုးကတော့ ရေးဖူးတယ်

    ReplyDelete
  14. ဒီပို့စ်လေးကဖဘမှာပြောလို့သွားဖတ်ကြည့်ပြီးပြီ။အိမ်မှာကွန့်မန့်ပေးလို့မရလို့။ဆေးသောက်ရခြင်းဒုက္ခမှအမြန်ကင်းဝေးပါစေ
    :D

    ReplyDelete
  15. ဆုမြတ်မိုး --- နေကာမျက်မှန်နဲ့အိတ်ကို လာကြည့်ရှုသွားတဲ့အတွက် ကျေးဇူးတင်ပါသည်။

    မမိုးငွေ့ --- 2 in 1 တဲ့လား ၊ LIKE !

    သူ --- ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ တကယ်ဘဲ ဆေးတွေသောက်ရတာ အရမ်းစိတ်ပျက်လာပြီ။

    ReplyDelete
  16. ဖြူဖြူလေးတွေ အများကြီး ထွက်ကျလာတဲ့ အိတ်လေးက ချစ်စရာလေလး....အိတ်ပိုင်ရှင်လေးလည်း ဖြူဖြူစင်စင်လေးလို့ မှန်းကြည့်သွားတယ်နော်...

    နှင်းနဲ့မာယာ

    ReplyDelete
  17. ဒီဘက်မှာ လာမှောက်ထားတာကိုး...း)

    ReplyDelete
  18. Happy Blog Day!! မရိပ်ရိပ်အိတ်လေးက ချစ်ဖို့ ကောင်းတယ်။ ပိုင်ရှင်နဲ့ တူလို့ ဖြစ်မယ်။

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်