Monday, December 31, 2012

သူနှင့်၂၀၁၂ နောက်ဆုံးရက်



ဒီနေ့သည် နှစ်တစ်နှစ်အကုန် ၊ နောက်တစ်နှစ်သို့ကူးပြောင်းမည့်နေ့ဖြစ်သည်။ 
သူဒီနေ့ဘာတွေလုပ်ခဲ့လဲ။ သူဒီနေ့ဆေးခန်းပြရန် ဆရာဝန်နှင့်ချိန်းထားသည်။ ညနေမှပြရမည်ဖြစ်သည်။
ဒီနေ့အမတစ်ယောက်လဲ သူပြသည့်ဆေးရုံတွင် ဆေးခန်းပြစရာရှိ၍ ဆေးရုံကြီးတွင် သူ တွန်ကင် အစောကြီးသွားယူပေးသည်။ အွန်လိုင်းတွင် တွန်ကင်ပြည့်နေပြီဖြစ်သည်။ မနက်အစောကြီးသွားယူနိုင်ရင်တော့ နံပတ်ရပါသည်။
ခါတိုင်းမနက် ၉နာရီခွဲ ၊ ၁၀နာရီထိအိပ်ဖြစ်သည်။ ညဆိုရင် သူအမြဲနောက်ကျမှအိပ်ဖြစ်သည်။ သူအိပ်မပျော်ပါ။ မနက်က ၅နာရီ၁၅မိနစ်ထရမည်ဖြစ်၍ မနေ့ညတော့ ၁၂နာရီကိုအတင်းအိပ်ပစ်လိုက်သည်။ အတင်းအိပ်တိုင်းအိပ်နိုင်သည်လို့မထင်ပါနှင့်။ မနေ့ကလဲ အစောကြီးထထားသောကြောင့်ဖြစ်သည်။ ကော်စကိုတွင် ပစ္စည်းသွားဝယ်စရာရှိသောကြောင့်ဖြစ်သည်။ သူခရီးသွားစရာရှိသည်။ သူငယ်ချင်းမှာထားသောပစ္စည်းများသွားဝယ်ရန်ဖြစ်သည်။ ဒီတစ်ပတ်သွားမဝယ်ရင်မမှီတော့။ သို့သော်သူ့တွင်ကတ်ပြားမရှိပါ။ ကတ်ပြားမရှိရင်ဝင်ခွင့်မရှိ။ ဦးလေးမှာ ကော်စကိုကတ်ရှိသည်။ ဦးလေးက အလုပ်တက်တော့ ဦးလေးအလုပ်နားတဲ့ရက်ဘဲသွားလို့ရသည်။ 

ဒီ၂ရက်တော်တော်အေးပါသည်။ ၈ဒီဂရီထိကျသည် ၊ မနေ့ကမိုးရွာသောကြောင့် စိမ့်ပြီးအေးသည်။ ဒီနေ့မိုးမရွာပါ ၊ သို့သော်လည်းအေးသည်။ ဒီနေ့၉ဒီဂရီပါ။ 

၂ရက်လောက်အိပ်ရေးမဝတော့ ၊ ဒီနေ့သူဘာဖြစ်သွားသလဲ။
 ဆေးခန်းသွားပြပြီးပြန်လာတော့ ညနေ ၅ နာရီရှိပြီ။ အမှန်တော့ သူသွားလည်ချင်သေးသည်။ ဖိနပ်ပြတ်သွားသောကြောင့် အိမ်ကိုမအီမလယ်နှင့်ပြန်လာရသည်။ အဒေါ်က ဦးလေးခေါ်သောကုန်တိုက်ကို လိုက်သွားရမည်ဖြစ်၍အမှိုက်မပစ်နိုင်ပါ။ သူဖိနပ်ပြတ်နေတာနှင့်အတော်ပင်။ ရှိသမျှအိမ်ကအမှိုက်တွေအကုန်လွှတ်ပစ်မည်၊ရှိသမျှ ဖိနပ်အစုတ်တွေလွှတ်ပစ်လိုက်မည်။ ဒီနေ့ထီဆုကြီးထိုးထားသည်။အမှိုက်ကားက ည၆နာရီခွဲမှလာမည်။၅နာရီမှရောက်တော့အိမ်နားကကုန်တိုက်ကိုဝင်သည်။ ဖိနပ်ပြတ်နှင့်လျှောက်သွားကြည့်သည်။ အမှန်က သူ အိုဗာတင်းအေးအေးလေးသောက်ချင်သောကြောင့်သွားဝယ်ခြင်းဖြစ်သည်။ ကုန်တိုက်စမဝင်ထဲက တယ်လီဖုန်းရှာမတွေ့။ သူစိတ်ထင်တာ ဘတ်စကားပေါ်မှာကျန်ခဲ့ပြီ။ သူပြာသွားသည်။ အဒေါ်က အဲဒီဘတ်စကားနှင့်ဆက်လိုက်သွားပြီး ၈မှတ်တိုင်အရောက်တွင်ဆင်းရမည်ဖြစ်သည်။ အဒေါ်ကိုဖုန်းဆက်ရန်အတွက် သူအိမ်ပြန်မှဖြစ်မည်။ ဖိနပ်ပြတ်ကြီးနှင့်ပြေးသည်။ ပြေးရင်းနှင့်သူသတိရသွားသည်။ ဖုန်းကို သူ့အိတ်၏ဘေးအိတ်တွင်သူထည့်ထားသည်ဘဲ။ နှိုက်ကြည့်လိုက်တော့ ဖုန်းက ရှိနေသည်။ သူပျော်သွားသည်။

ကုန်တိုက်ဆက်ပတ်သည်။ ဝေဖာ ၁ ဗူး ၊ အိုဗာတင်းတစ်ဗူးဝယ်ပြီး အဝတွင် ထီးရောင်းနေ၍ သူကြည့်လိုက်သည်။ ပေါ့ပြီးသယ်ရလွယ်ကူသောထီးများကို သူကြိုက်သည်။ တစ်ချောင်းဝယ်လိုက်သည်။ ပိုက်ဆံအိတ်ကိုလက်တွင်ဒီတိုင်းချိတ်ပြီးကိုင်လာသည်။ ပြီးတော့ အိမ်ပြန်ရန် စက်လှေကားနှင့်အပေါ်တက်သည်။ အပေါ်ရောက်တော့ သူလိုချင်သောအနွေးထည်ကို ထပ်သွားကြည့်သည်။ ဈေးထပ်ကျသွားသည်။ ဝယ်သင့်မဝယ်သင့် သူမသိ ၊ ကြိုက်တာတော့ အရမ်းကြိုက်သည်။ ဒီတလောအကုန်အကျတွေအရမ်းများသည်။ သွားသွားကြည့်တာတော့ ၅ခါလောက်ရှိပြီ။ သူ့မှာ ၂ ဖက်ဝတ်လို့ရသောအနွေးထည်မရှိပါ။ ၂ဖက်ဝတ်လို့ရသောအနွေးထည်ကို သူလိုချင်နေခဲ့မိတာကြာနေပြီဖြစ်သည်။ ပိုက်ဆံအိတ်ဘေးချပြီး အင်္ကျီကို ဖြန့်ကြည့်လိုက်သည်။ ဈေးမေးသည်။ ဘယ်ရက်ထိလျှော့မလဲမေးသည်။ မနက်ဖြန် ထိဘဲလျှော့မည်တဲ့။ ပြီးတော့ သူထွက်သွားသည်။  အင်တာနက်အတွက်ဆောင်ရန် Bill ရောက်နေပြီဖြစ်သောကြောင့် သူ 7-11 မှာသွားဆောင်သည်။ ဆောင်မည်လုပ်တော့ သူ့လွယ်အိတ်ထဲက ပိုက်ဆံအိတ်ကိုရှာသည်။ မတွေ့တော့ ၊ သူ တော်တော်ထူပူသွားသည်။ အထဲတွင် အင်တာနက်ဆောင်ရန် ပိုက်ဆံ ၊ ဆရာဝန်ပြရင် သုံးသောကတ် ၊ အရေးကြီးဆုံးက ပိုက်ဆံထုတ်သောကတ် ဒါတွေအကုန်လုံး အဲဒီပိုက်ဆံအိတ်ထဲမှာ။ သူ ထီးဆိုင်ကိုပြေးသည်။ အောက်ကို တစ်ခါဆင်းရသည် ၊ လူတွေက တော်တော်များသည်။ တိုးဝှေ့ပြီး သွားရသည်။ တောင်းပန်ပါတယ် သွားခွင့်ပေးပါ အော်သွားရသည်။ ထီးဆိုင်ရောက်တော့ ပိုက်ဆံအိတ်ကမရှိ။ ခေါင်းထဲမှာ တော်တော်စဉ်းစားလိုက်မှအဖြေပေါ်သွားသည်။ အင်္ကျီကြည့်သည့်ဆိုင်တွင်ဖြစ်ရမည်။ အပေါ်ကိုပြန်ပြေးတက်ပြန်သည် ၊ ရမှရပါတော့မလားစိတ်ပူမိသည်။ အင်္ကျီဆိုင်ရောက်တော့ အင်္ကျီပေါ်မှာမရှိတော့။ ဆိုင်ကကောင်လေးကိုမေးကြည့်သည်။ သိမ်းထားပါတယ်တဲ့၊ တော်ပါသေးရဲ့။ ကျေးဇူးအထပ်ထပ်တင်မိသည်။ ဟတ်ပီးနယူးရီးယားပါပြောသည်။ 

ချမ်းစိမ့်နေသောရာသီဥတုက သူ့အတွက် နွေရာသီဖြစ်နေသည်။ ချွေးတွေ အသားကုန်ထွက်နေသည်။ အင်တာနက်ခဆောင်ပြီးအပြန် အပြင်ကလေအေးတိုက်တာတောင် သူအိုက်နေသေးသည်။

အိပ်ရေးမဝလို့လား ၊ အမှိုက် ၆နာရီခွဲသွန်ရမှာလောနေလား မသိ။ သူဒီနေ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းလေး ရိုက်ခဲ့သည်။ 

သတင်းကောင်းပြောပါမည် ၊ အမှိုက်တွေအကုန်သွန်ပြီး ရေချိုးပြီး ၉နာရီမှ ထမင်းစားဖြစ်သည်။ ထီဂဏန်းထွက်လာသည် ၊ မပေါက်ပါ။ :D ဒီနေ့ထိုးသောထီသည် ဈေးကြီးပါသည်။ ခါတိုင်းဈေးပေါတာဘဲထိုးသည်။ ဈေးကြီးသောထီသည် ပေါက်လျှင် ပိုက်ဆံအများဆုံးဖြစ်ပါသည်။ 

အားလုံးသော ဘလော့ဂါမိတ်ဆွေများ , ဘလော့လေးကိုလာရောက်အားပေးကြသောမိတ်ဆွေများ "ဟက်ပီးနယူးရီးယား ၂၀၁၃ မှာ တောင်းတဲ့ဆုတွေ အားလုံးပြည့်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါသည်"

လေးစားစွာဖြင့်
လရိပ်အိမ်

9 comments:

  1. ကဲ..2013 ထဲမှာ လိုချင်တာတွေ
    အကုန်ရပါစေ ..ထီလည်းပေါက်ပါစေ
    ဟုတ်ပြီလား..

    ReplyDelete
  2. နောက်တစ်ခါထိုးမယ့် ထီတွေပေါက်ပါစေမမလရိပ်ရေ။ အဲဒီကျ ရေခဲချောင်းဝယ်ကျွေးပါ။

    ReplyDelete
  3. မျှော်လင့်ချက်ဆိုတာ ပြည့်ဝလာလေ့ရှိတာမို့ ၂၀၁၃ခုနှစ်မှာ လရိပ်ရဲ့ဆန္ဒအတိုင်း သတင်းကောင်လေးကြားရပါစေလို့ နှစ်သစ်နဲ့အတူ ဆုတောင်းပေးခဲ့ပြီနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. လရိပ်လေးရေ

    မကြီးလွမ်းလာလည်ရင်း ၂၀၁၂ လက်ကျန်လေးကို
    လက်စသတ်သွားပါတယ်။ ၂၀၁၃ကို အတူတကွ ပျော်ရွှင်စွာ ဖြတ်သန်းကြပါစို့။
    ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ


    ချစ်ခြင်းအားဖြင့်
    မကြီးလွမ်း

    ReplyDelete
  5. အဖြစ်အပျက်ကို မျက်လုံးထဲ ကွင်းကွင်းကွက်ကွက်ပေါ်အောင် ရေးတတ်တယ်.။ သရုပ်ဖော်အရေးအသား အရမ်းကောင်းတယ် :)

    ReplyDelete
  6. ရေးထားတာလေးက ဟာသစွက်ထားပေမဲ့
    မိုးနတ်ဖြင့် မရယ်နိုင်ဘူးဖြစ်နေတယ်..
    ပိုက်ဆံအိတ်ပြန်ရပြီ ဆိုမှပဲ ဟင်းချနိုင်တော့တယ်....
    ကောင်းသောနှစ်သစ်ဖြစ်ပါစေ လရိပ်ရေ..
    ချစ်တဲ့...မိုးနတ်

    ReplyDelete
  7. လိုချင်တာတွေ မြန်မြန်လေးသာဝယ်လိုက်
    တွေဝေနေရင်သူများယူသွားမယ်နော်
    ထီပေါက်ပါစေ (ဆုကြီး)
    ၂၀၁၃ မှာ အရာရာအောင်မြင်ပြီး ထာဝရပျော်ရွှင်ပါစေလို့
    နေမကောင်းလို့လိုင်းပေါ်မတက်ဖြစ်ဘူး
    ဒါကြောင့် အရောက်နောက်ကျနေမိပါတယ်

    ReplyDelete
  8.ြBelately Happy New Year!!!

    ReplyDelete
  9. ၂၀၁၂ နောက်ဆုံးရက်ကို စွန့်ခွာလာခဲ့ပြီမို့ ၊

    နှစ်သစ်မှာ စိတ်သစ် လူသစ် အတွေးသစ်

    အမြင်သစ်တွေနဲ့ တိုးတက်ကောင်းမွန်တဲ့

    နေ့ရက်များစွာကို ကျော်ဖြတ်နိုင်ပါစေ ညီမလေး ။

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်