ဆန္ဒနဲ့ဘဝ
တထပ်တည်းကျလို့
ချစ်တဲ့သူ အချင်းချင်း
ဆုံတွေ့ရဖို့
ငါတို့နှလုံးသားတွေ
အကြိမ်ကြိမ်
ဘယ်လောက်များ
စတေးခံလိုက်ရပြီလဲ။
လေးစားစွာဖြင့်
လရိပ်အိမ်
Friday, July 12, 2013
Friday, May 31, 2013
..... အိမ် .....
ဘလော့ဂါမိတ်ဆွေများ....
အိမ်ပြင်ပြီးပါပြီ ၊ အရင်ထည့်ထားသော မိတ်ဆွေများရဲ့လင့်ကျန်ခဲ့ရင် အသိပေးပါ။
တမင်တကာချန်ထားတာ မဟုတ်ပါဘူး။
အရင် ထည့်တုန်းက ၁၀၀ကျော်တယ်။ ခုက ၁၀၀ရဲ့အောက်ရောက်နေလို့။ ဘယ်သူကျန်မှန်းမသိဘူး။
လေးစားစွာဖြင့်
လရိပ်အိမ်
Sunday, May 26, 2013
ဘလော့ဂါမိတ်ဆွေများသို့...
အိမ်အပြင်ကောင်းလွန်းလို့ဘလော့ဂါမိတ်ဆွေများရဲ့လင့်များ ပျောက်သွားပါသည်။ နေကောင်းရင် ပြန်ချိတ်ပေးပါမယ်။ ဘလော့မလည်တာတောင် တော်တော်ကြာသွားပြီနော်။
အိမ်ပြင်နေပါတယ် ၊ ဘာမှမပြောင်းလဲသေးပါလား ဟု စောဒကတက်ချင်သူများရှိနေပါလိမ့်မယ်။ မျှော်လင့်ချက်ကြီးစွာဖြင့် မစောင့်ကြပါနှင့်။ နေကောင်းခါစမို့အနားယူနေပါသည်။
အမဝယ်ပေးမည်ဟုပြောထားသော ဒိုမိန်း ၊ အနှစ်နှစ်အလလက ဘယ်သူဝယ်ပေးမည်ဟု စောင့်ခဲ့ရသော ဒိုမိန်း ၊ ဒိုမိန်း ဝယ်ပေးရန် မြန်မာပြည်မှ အမ၏မိတ်ဆွေတဦးအား အကူအညီတောင်းရာ ပြောထားသောရက် အချိန်မှီမပေးနိုင်၍ လက်မှိုင်ချနေရပါသည်။ ဖုန်းဆက်ရန် ဖုန်းကဒ်မရှိသောကြောင့် ငြိမ်နေရပါသည်။ အမ၏မိတ်ဆွေသည် အကြိမ်ကြိမ် အာမဘန္တေခံပြီး နောက်ဆုံးမှာ ဘာဖြစ်သွားတာလဲ? ဒေါ်လှ ၈၅၀၀ များထင်သွားလားမသိပါ။ :(((
ဝယ်လို့မရလဲနေပေါ့။ ဒီတိုင်းဘဲသုံးပေါ့။ ကျန်းမာရေးကောင်းအောင် ကုသိုလ်များများလုပ်မှနော်။ ဒါမှ အလုပ်လုပ်နိုင်မှာနော်။
လေးစားစွာဖြင့်
လရိပ်အိမ်
Sunday, May 12, 2013
ကမ္ဘာပေါ်ရှိ အမေများအားလုံးသို့..........
ဒီနေ့ဟာ ကမ္ဘာတဝန်းလုံးရဲ့ အမေများနေ့ပါ။
လရိပ်မှာ အမေနှစ်ယောက်ရှိတယ်။
မနှစ်ကလဲ အမေနှစ်ယောက်လုံးကို အမေများနေ့အတွက် ပိုစ့်ကဒ်လေး လုပ်ပေးဖြစ်တယ်။ တယောက်တစ်ကဒ် ဒီဇိုင်းမတူပါဘူး။
ဒီနှစ်တော့ အဝေးရောက်နေတဲ့အမေကို ကဒ်လုပ်ပေးပြီး စာတိုက်ကနေပို့ပေးမယ်ဆိုတော့ အမေက မပို့နဲ့တဲ့ ၊ လုပ်ပြီးသိမ်းထားလိုက်တဲ့ ၊ လရိပ်ဆီရောက်မှ ယူမယ်တဲ့။ အဲဒါနဲ့လရိပ်လဲ ဒီမှာတူတူနေတဲ့အမေကိုဘဲလုပ်ပေးမယ်ပေါ့။အဝေးရောက်နေတဲ့အမေကို ဒီနှစ်မလုပ်ပေးဘူးလို့ပြောလိုက်မိတယ်။ အွန်လိုင်းကနေတော့ ကဒ်လေး ပို့ပေးမယ်လို့ဘဲပြောလိုက်တယ်။ အမေက လရိပ်မအားလဲ စကားတစ်ခွန်းပြောတာနဲ့ရပါတယ်လို့ပြောတယ်။
ဒါပေမဲ့ အမေက အဲလိုပြောပေမဲ့ အမေစိတ်ထဲမှာ စိတ်မကောင်းဖြစ်သွားတာကို လရိပ်ခံစားမိတယ်။
လရိပ်က ဒီတစ်လော စိတ်ရှုပ်စရာကြုံထားတော့ ခေါင်းထဲမှာ ဘာပုံစံလုပ်ရမယ်ဆိုတာ စဉ်းစားမရ ဖြစ်နေလို့ပါ။ မလုပ်ပေးချင်လို့ မဟုတ်ပါဘူး။ ဆေးထိုးခံရမဲ့နေ့မှာမှ ပြသာနာတစ်ခုဖြစ်နေလို့ ရှင်းရသေးတယ်။ စိတ်ကရှုပ်နေတော့ ဆေးထိုးထားတာ ခါတိုင်းနဲ့မတူဘူး ၊ တင်းပြီးနာနေတယ်။ တစ်ပတ်လောက် အိမ်မှာအနားယူလိုက်ရတယ်။ ခုတော့ သက်သာသွားပါပြီ။
အဲဒီနေ့ကလဲ လရိပ် ဒီကအမေကို လုပ်ပေးရင်းနဲ့ အဝေးရောက်နေတဲ့အမေအတွက်ပါ တခါတည်းလုပ်ပေးဖြစ်ပါတယ်။
ဒီကအမေက အဝါရောင်ကြိုက်တယ်။ အဝေးရောက်မေမေကိုတော့ အနီရောင်ပဲ လုပ်ပေးလိုက်တယ်။ ပြီးတော့ စကိုက်မှာ ပြလိုက်တယ်။ နှစ်ယောက်လုံးဆီက ဝမ်းသာတဲ့အရိပ်လေးတွေ မြင်တွေ့လိုက်ရတယ်။
လရိပ်လဲပျော်ပါတယ်။
ကမ္ဘာပေါ်ရှိ အမေများအားလုံးသို့..........
အမေများနေ့မှာ ပျော်ရွှင်ပါစေ။
Happy Mother's Day!
母親節快樂!
*အမေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။*
လေးစားစွာဖြင့်
လရိပ်အိမ်
Wednesday, April 17, 2013
နှစ်သစ်ဆုတောင်း
ပုံကတော့ လရိပ် မြန်မာပြည်ပြန်တုန်းက ပုဂံမှာရိုက်ထားတာပါ။ အဲဒီနှစ်က ပိတောက်ပန်းပွင့်တာတော်တော်စောတယ်။
Monday, April 1, 2013
တချို့လူတွေများ
တချို့လူတွေများ ----- အမြင့်ရောက်သွားပြီးရင် ပြန်မဆင်းတတ်ကြတော့ဘူး။ လှေကား သူများယူသွားလို့ဖြစ်မယ်။
ဘဝင်လေဟပ်နေသူများအားလုံးကို တည့်တည့်ပြောပါတယ်။
အရင်တုန်းကတော့ တန်းတူဆက်ဆံခဲ့ကြတာဘဲ။ ခုကျတော့သူတို့ကဘဲ လူအချင်းချင်း စကားပြောရတာ မတူသလို ၊ မတန်သလို။ ဒီလိုလူမျိုးကိုလဲ ဘယ်သူကမှခေါ်ချင်ပြောချင်မှာမဟုတ်ပါဘူး။
ဒီလိုစိတ်ထားမျိုးရှိသူတွေဟာ ရှေးဘဝက ပြုခဲ့တဲ့ကောင်းမှုကုသိုလ်ကံကြောင့် မပြုတ်ကျတတ်ပါဘူး။ အထိလဲမနာတတ်ပါဘူး။ တက်ပြီးရင်းတက်ပါဘဲ။
ရှေးဘဝက ကုသိုလ်ကံမကောင်းခဲ့ဘူးဆိုရင်တော့  ဒီအမြင့်(နာမည်မဟုတ်)ဘဝမှာ ကြာကြာမခံပါဘူး။ ပြုတ်ကျသွားရင်တော့ ဟိုးအောက်ဆုံးထိပါဘဲ။
ဘဝင်လေဟပ်နေသူများ ၊ ဘဝင်မြင့်နေသူများ စိတ်ထားကောင်းကောင်းထားကြပါလို့ ၊ တနေ့တော့ ဘယ်လမ်းကိုသွားရမလဲဆိုတာ အားလုံးသိပါရဲ့လား။
တချို့လူတွေများ ----- သစ္စာဖောက်သောသူငယ်ချင်း ၊ ပိုက်ဆံမက်ပြီး လှေနံ၂ဖက်မက နင်းချင်သောသူများ ၊ နင်းထားရက်နှင့်မနင်းဘူးလို့ဗြောင်ညာသူများ ၊ ပစ္စည်းပိုင်ဆိုင်မှုကိုဘဲမက်မောသောသူများ ၊ အွန်လိုင်းမှာ အချောင်ရတိုင်း , သူငယ်ချင်းမြှောက်ပေးတိုင်း တဖက်သားအားမညှာ ရင်ထဲကမပါ ရည်းစားစကားပြောသူများ ၊ ပိန်ပြီးမော်ဒယ်လိုလှပရမည့်အပြင်ပိုက်ဆံရှိသောသူကိုဘဲ ရွေးချင်သူများ ၊ သူများဖေ့ဘုတ်သူငယ်ချင်းများ ကြားထဲဝင်ပါပြီး ညတိုင်းညတိုင်း အရည်မရအဖတ်မရ ဖုန်းနှင့်သူ၏ချစ်လှစွာသောသူငယ်ချင်းကို ပြန်ပြန်ပြောပြပြီး ရန်တိုက်သောသူများ ၊ ဒီစာတွေကိုဖတ်ပြီး ကိုယ့်လိပ်ပြာကိုယ်မလုံသောသူများ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။
အထောင်းခံရမှာစိုးလို့ စိတ်ထဲမှရေးချင်တာများကို ဧပရယ်ဖူးလ် နေ့မှာ တချို့လူတွေများကို ရေးသားလိုက်ပါတယ်။
မည်သူ့ကိုမှမရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိသွားပါက ဧပရယ်ဖူးလ် ဟု မှတ်ယူကြပါ။ :)))
လေးစားစွာဖြင့်
လရိပ်အိမ်
Tuesday, March 26, 2013
ရောင်စုံ-----နှင်းဆီများ
လွန်ခဲ့တဲ့အပတ် တနင်္ဂနွေက အဒေါ်နဲ့နှင်းဆီပန်းသွားကြည့်ဖြစ်တယ်။ ပထမတော့ ကားတတန် ၊ မြေအောက်ရထားတသွယ် စီးပြီးသွားမလို့ပါ။ အဲလိုသွားရင် အချိန်သိပ်မကုန်ဘူးလေ။ ဒါပေမဲ့အဲလိုသွားရင် လမ်းအများကြီးလျှောက်ရမယ်ဆိုလို့။ အဒေါ်က ခြေထောက်သိပ်မကောင်းဘူးလေ။ အဲဒါနဲ့ဘတ်စကား နှစ်ဆင့်စီးပြီးသွားဖို့ဆုံးဖြတ်လိုက်ရတယ်။ ဟိုရောက်တော့လဲ မထူးပါဘူး ၊ အထဲရောက်အောင် လမ်းတော်တော် လျှောက်ရတာဘဲ။
ပထမကားစစီးဖြစ်တော့ အနောက်မှာဘဲဝင်ထိုင်ဖြစ်တယ်။ အရှေ့မှာက ဦးစားပေးခုံတွေမို့လို့။ အဒေါ်က ခြေထောက်သိပ်မကောင်းဘူးဆိုတော့ လရိပ်က ထိုင်လို့လွယ်တဲ့ အဝထိုင်ခုံပေးထိုင်လိုက်တယ်။ လရိပ်က ဝင်ရခက်တဲ့အထဲကိုဝင်တာ။ ပထမတတန်းကို မဝင်ချင်ဘူး။ အဲဒီလူကြီးကဝလို့။ နောက်တလိုင်းကလူကြီးက ပိန်တယ်။ လူကြီးတွေက အဒေါ်အသက်လောက်ရှိပါတယ်။ ဝင်ဝင်ခြင်းဘဲ အဲဒီလူကြီးက " အားနာပါတယ်"တဲ့ ၊ လရိပ်က "ရပါတယ်"လို့ပြန်ပြောတယ်။
လရိပ်က အိတ်နှစ်လုံးလွယ်ထားတာပါ ၊ ပိုက်ဆံအိတ်ရယ် ၊ ကင်မရာအိတ်ရယ်။ ခဏနေတော့ ဘေးနားက လူကြီးက လာမေးတယ်
"ဒီအမဲရောင်အိတ်ထဲကဘာလဲ"
"ကင်မရာပါ"
"ဪ ဘယ်သွားမလို့လဲ"
"ပန်းသွားကြည့်မလို့"
"ဘယ်မှာသွားကြည့်မှာလဲ"
"စွတ်လင်မှာ"
သုံးခွန်းအမေးအဖြေပြီးတော့ လရိပ်နားကို တိုးလာတယ်။ အဒေါ်ကလဲ အသံကြားတော့ လှမ်းကြည့်တယ်။
ပြီးတော့ သူကမကြားသလိုလိုနဲ့
"ဘယ်မှာ"
"စွတ်လင်မှာ"
"အဲဒီကိုသွားရင် ဒီကားနဲ့မရောက်ဘူး"
"ကျမသိတယ် ၊ ကားပြောင်းအုန်းမှာ"
အဲဒါလဲ ပြောပြီးရော လရိပ်နားကို ပိုတိုးလာတယ်။
"အင်း အင်း အပြင်လေးဘာလေးထွက်တာ ကောင်းတာပေါ့"
"ဟုတ်တယ် ၊ ဒီနေ့နေသာတယ်လေ"
အဲဒီလူကြီးက လရိပ်နားကို ထပ်တိုးလာပြန်တယ်။ လရိပ်က ပြတင်းပေါက်နဲ့ကပ်ရပ်သားဖြစ်နေပြီ။ လရိပ်လဲ ကြောက်ကြောက်လာတယ်။ အဲဒါနဲ့အမြန်ထွက်ပြီး အဒေါ်ထိုင်နေတဲ့နေရာနားမှာ မတ်တပ်သွားရပ်နေလိုက်တယ်။ လရိပ်ထွက်လာတော့ နေရာလွတ်သွားပြီလေ။ အဲဒီမှာ လင်မယား၂ယောက်ကလဲ ထိုင်ချင်လို့ထင်ပါရဲ့ ၊ လရိပ်အမေအရွယ်လောက်ရှိတဲ့အဒေါ်ကြီးက လာထိုင်တယ်။ ဒီတခါကျတော့ အဲဒီလူကြီးက အထဲမှာထိုင်ပြီး အဒေါ်ကြီးကို အပြင်မှာပေးထိုင်လိုက်တယ်။ အဒေါ်ကြီးဘာဖြစ်မလဲလို့ လှမ်းကြည့်လိုက်တာ အဒေါ်ကြီးက အထင်လွဲသွားပုံရတယ်။
"သမီး ထိုင်မလို့လား"
"ဟင့်အင်း မထိုင်ပါဘူး"
"ဟုတ်လား ၊ ဒါဆို ကျေးဇူးနော်"
"ဟုတ်ကဲ့ ၊ ရပါတယ် ၊ အားမနာပါနဲ့"
အဲဒီလူကြီးက အဒေါ်ကြီးကို စကားစပြောတယ်။ "ကောင်မလေးက သူ့အဘွားနားသွားရပ်နေတာ" ကြားလိုက်ရတော့ ရယ်ချင်စိတ်ကိုမနဲမြိုသိပ်လိုက်ရတယ်။ အဒေါ်ကြီးအမျိုးသားက လရိပ်နဲ့မလှမ်းမကမ်းမှာ ပြုံးစိစိနဲ့ရပ်နေတယ်။ ပြီးတော့ အဒေါ်ကြီးအမျိုးသားလဲ သူ့အမျိုးသမီးနားသွားရပ်နေပြီး သူတို့သုံးယောက်စကားတွေပြောကြတယ် ၊ အကျယ်ကြီး ၊ အကျယ်ကြီးဘဲ။ ကားထဲမှာ စကားကျယ်ကျယ်မပြောရဘူး လို့ ရေးထားတယ်။ ဘာတွေပြောလို့ ဘာတွေငြင်းမှန်းမသိဘူး။ ကားတကားလုံး သူတို့အသံကြီးဘဲ။ ကောင်လေးတယောက်ထလာပြီးသူတို့ကို လာပြောသွားတယ် "အားနာပါတယ် ၊ ကျေးဇူးပြု၍ ခင်ဗျားတို့စကားပြောတာ နဲနဲတိုးပြီးပြောပေးပါ ၊ ကျေးဇူးတင်ပါတယ်" ။ ၃ယောက်လုံးအသံတိတ်သွားတယ်။ လရိပ်လဲ နေရာရသွားတော့ သွားထိုင်တယ်။ လရိပ်ပထမ မရွေးခဲ့တဲ့ခုံကလူလွတ်သွားလို့။ နဂိုတည်းက အဲဒီခုံဘဲရွေးသင့်တာ။ အဲဒီအချိန်မှာဘဲ အနောက်ကလူတွေဆင်းသွားတယ်။ အဒေါ်ကြီးနဲ့သူ့အမျိုးသား အနောက်က နေရာမှာသွားထိုင်ကြတယ်။ နဲနဲကြာတော့ အသံကြားတယ်။ ဘာသံထင်လဲ? အဒေါ်ကြီးက သူ့ယောက်ကျားကို ဆူနေတာ။ " ငါလဲ ဟိုကောင်မလေးထသွားတော့ အဲဒီနေရာမှာသွားထိုင်လိုက်တယ် ၊ သူက စကားတွေစွတ်စပ်ပြောနေတာကိုး ၊ နင်ကကောဘာလို့သူနဲ့သွားစကားပြောတာလဲ @#@#----" ။
လရိပ်တို့ဆင်းတဲ့အထိ သူ့ယောက်ကျားကိုဆူနေတုန်းဘဲ။ နောက်ကားတစီးပြောင်းပြီးတာနဲ့ လရိပ်ကြိုက်တဲ့နှင်းဆီပန်းခြံထဲကို တော်တော်လမ်းလျှောက်ပြီးမှ ရောက်သွားတယ်။ ခြံကြီးတခြံလုံး နှင်းဆီပန်းတွေပါဘဲ။ ရာသီဥတုကအရမ်းကောင်းတော့ ဓာတ်ပုံရိုက်ရတာ အဆင်ပြေတယ်။
ဓာတ်ပုံတွေများတော့ ဗီဒီယိုဖိုင်နဲ့ဘဲတင်လိုက်တယ်။ အကျယ်ချဲ့ကြည့်ရင် မှုန်မယ်ထင်တယ်။ ပုံတွေကိုတော့ လရိပ်မပြင်ထားပါဘူး။ ရိုက်ထားတဲ့အတိုင်းဘဲ ဗီဒီယိုဖိုင်လုပ်ထားတာပါ။ သီချင်းကတော့ ကိုစိုးသူရဲ့သီချင်းပါ။
လေးစားစွာဖြင့်
လရိပ်အိမ်
Subscribe to:
Posts (Atom)

