Friday, June 29, 2012

ရင်ထဲရှိတာ...

အင်တာနက်ပြန်ရနေပါပြီ။ အိမ်လဲပြောင်းပြီးသွားပါပြီ။ ဦးလေးအိမ်မှာဘဲနေဖြစ်ပါတယ်။

ရန်ကုန်ကို ၁လ ပြန်သွားဖြစ်ပါတယ်။ နေမကောင်းတော့စိတ်ညစ်စရာကောင်းပါတယ်။ ဘယ်နေရာမှ မသွားနိုင်ပါဘူး။ ဆေးခန်းနဲ့အိမ်နဲ့ဘဲသွားဖြစ်ပါတယ်။ သူငယ်ချင်း ကလေးမွေးတာတောင်သွားမကြည့်ဖြစ်ဘူး။ ဒီ တခေါက်ရန်ကုန်ခရီးစဉ်က ဘာမှ ပျော်ရွှင်စရာ မရှိပါဘူး။ ကိုယ်ကိုးကွယ်တဲ့ ပဲခူးက ဆရာတော်ကြီးဆီကိုဘဲရောက်ဖြစ်ပါတယ်။

ကိုယ့်ရဲ့ခင်မင်ရဆုံးသောအွန်လိုင်းက အကို တယောက်လဲ မေလထဲမှာ မင်္ဂလာဆောင်သွားပြီလို့ သတင်းကြားရပါတယ်။ ပျော်ရမလား ၊ ဝမ်းနဲရမလားမသိပါ။ ကိုယ်က သူ့ကို ချစ်နေတာကို။ တကယ်တော့ ဒီသတင်းက မြန်မာပြည်မပြန်ခင်ထဲက သိနေတာပါ။ အဲဒီတုန်းကလဲ ၁လလောက်ဝမ်းနဲလိုက်ရတယ်။ ခုရန်ကုန်ပြန်သွားတော့လဲ ထပ်ဝမ်းနဲတယ်။ သူက သိပ်နောက်တတ်တော့ ဒီသတင်းက တကယ်လား ၊ တကယ်မဟုတ်ဘူးလားဆိုတာ ကိုယ်လဲမသိဘူး။ သူ့သူငယ်ချင်းမေးကြည့်တော့ ကိုရီးယားမှာတုန်းကတော့ ဟုတ်တယ်တဲ့။ ခုရန်ကုန်မှာတော့ မဟုတ်ဘူးတဲ့။ သတင်းတွေက ဘာတွေလဲ မသိပါဘူး။ အိမ်ထောင်ရှိသွားတော့ မလွမ်းသင့်တော့ဘူးမဟုတ်လား။


လေးစားစွာဖြင့်
လရိပ်အိမ်

Friday, April 27, 2012

အကြောင်းကြားခြင်း

အိမ်ပြောင်းမည်ဖြစ်ပါ၍ အင်တာနက်နှင့် တခဏတာအဆက်အသွယ်ပြတ်နေပါအုန်းမယ်။

လေးစားစွာဖြင့်
လရိပ်အိမ်

Saturday, April 21, 2012

ဝေးလွင့်အမုန်း

ငါမလွမ်းဘူးလို့
အားတင်းရင်းနဲ့
သူ့ကိုသတိရနေမိတယ်။

ငါမရှုံးဘူးလို့
ကြွေးကြော်ရင်းနဲ့
ဒူးညွှတ်ခွေကျနေတယ်။

တိတ်ဆိတ်ကြေကွဲ
အလွမ်းတွေကြားမှာ
ငါလေနင့်ကို
မုန်းမိတယ်။

ပိုင်ဆိုင်မှုတွေကြားမှာ
ငါလေရင်နာတယ်
အဆုံးသတ်မှာ
နမ်းရှိုက်ခွင့်မရှိတော့ပါလေ။

လေးစားစွာဖြင့်
လရိပ်အိမ်

Tuesday, April 17, 2012

Happy Myanmar New Year

မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် တန်ခူးလဆုတ် ၁၁ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) မြန်မာပြည်မှ မြန်မာများအားလုံး၊ ကမ္ဘာအနှံ့မှာရှိကြသော မြန်မာများအားလုံး မင်္ဂလာနှစ်သစ်ပါ... မြန်မာပြည်သူပြည်သားအားလုံး နှစ်သစ်ကူးမှာ စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပြီး စိတ်သွားတိုင်းကိုယ်ပါ၍ လိုအင်ဆန္ဒများတလုံးတ၀တည်းပြည့်ဝကြပါစေ... ဘေးဘယာကင်းကွာ၍ စီးပွားလာဘ်လာဘများဆထက်တပိုး တိုးပွားကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်....

Tuesday, April 10, 2012

I miss U

လွမ်းတယ် သင်္ကြန်ရယ်
သူငယ်ချင်းကပြောတယ်
သင်္ကြန်ကကိုယ်နဲ့
မဆိုင်တော့ဘူးတဲ့
သူနဲ့လဲမဆိုင်တော့ဘူးတဲ့
သူနဲ့တော့မဆိုင်ပေမဲ့
ကိုယ်နဲ့တော့ဆိုင်ချင်သေးတယ်
သင်္ကြန်က ကိုယ်နဲ့ဝေးကွာခဲ့တာ
၆နှစ်ရှိခဲ့ပေမဲ့
ဆိုင်ချင်နေသေးတယ်ကွယ်။

လေးစားစွာဖြင့်
လရိပ်အိမ်

Wednesday, April 4, 2012

ICE

I ကိုမုန်းတီးနေသူက ...... ဘယ်သူလဲ
တုံ့ပြန်လက်စားချေရက်တာ ...... ဘယ်သူလဲ
နှလုံးသားတံခါးကိုသော့ဖွင့်လို့မရအောင်လုပ်ထားတာ ...... ဘယ်သူလဲ
အဆုံးစွန်ကိုတွေးကြည့်လိုက်တော့
ဒါဟာ ......
ရေခဲတုံးတစ်တုံးပေါ့ ။


လေးစားစွာဖြင့်
လရိပ်အိမ်

Wednesday, March 14, 2012

ဆေးဖက်ဝင်အာနိသင်ရှိသော ဒူးရင်ဩဇာ(soursop)၏အကျိုးကျေးဇူးများ


ဒူးရင်းဩဇာသည် အရသာအရှိဆုံးအသီးဖြစ်သည်။

ဒူးရင်းဩဇာကို မရင့်မှည့်ခင်ခူးဆွတ်ရပါသည်။ ရင့်မှည့်ပြီးပါက သူ့အလိုလိုအောက်သို့ပြုတ်ကျသွားသောကြောင့်ဖြစ်သည်။ ထိုသို့အောက်သို့ပြုတ်ကျသွားပါက အသီးသည် အညိုအမဲစွဲသွားပြီးမကောင်းတော့
ပါ။

အခွံသည် ပါးပြီး ကတော့ပုံသဏ္ဍာန်ရှိသော နံရိုးနုငယ်လေးများဖြင့်ဖုံးအုပ်ထားသည်။

သစ်သီး၏အသားပိုင်းသည် အဖြူရောင်ဖြစ်ပြီး အရည်ပါဝင်မှုနှုန်းများသည်။

နှစ်လိုဖွယ်အရသာရှိပြီး အထဲရှိ အမဲရောင်အစေ့ကိုစားလို့မရပါ။

ဒူးရင်းဩဇာတွင်အစေ့နဲပါးသောအသီးမှာရှားပါးလှသည်။

ဒူးရင်းဩဇာသည် အရသာရှိပြီးကျန်းမာရေးအတွက်ကောင်းရုံသာမက အစာအိမ်ရောဂါအစရှိသော ရောဂါငယ်မှအူထဲရှိကပ်ပါးပိုးအထိ ရောဂါအမျိုးမျိုးကို ကုသရာတွင်ဆေးဖက်ဝင်သည်။

အစေ့သည် အအန်ပျောက်စေသော ဂုဏ်သတ္တိပါဝင်သည်။

အရွက်၏အရည်သည် ခေါင်းပေါ်မှသန်းများကို ဖယ်ရှားပေးသည့်အပြင် ရောင်ရမ်းခြင်းကိုလျှော့ကျစေသည်

လတ်ဆတ်သောအရွက်များသည် အရေပြားအပူလောင်ခြင်းကို လျင်မြန်စွာသက်သာအနာကျက်စေသည်။

အပင်၏အခေါက်သည် အဆိပ်အတောက်ကိုဖယ်ရှားပေးသည်။

ဒူးရင်းဩဇာ၏အပွင့်များသည် လည်ချောင်းထဲတွင်ချွဲများလွန်ကဲများပြားနေခြင်းကို လျှော့နဲစေသည်။

စိစိညှက်ညှက်ကျေအောင်ချေထားသော အရွက်များသည် ဝဲနှင်းခူရောဂါကိုသက်သာပျောက်ကင်းစေသည်သာမက အရေပြားပြသနာအမျိုးမျိုးကိုပျောက်ကင်းစေသည်။ 

လေးစားစွာဖြင့်
လရိပ်အိမ်