Tuesday, March 26, 2013

ရောင်စုံ-----နှင်းဆီများ

လွန်ခဲ့တဲ့အပတ် တနင်္ဂနွေက အဒေါ်နဲ့နှင်းဆီပန်းသွားကြည့်ဖြစ်တယ်။ ပထမတော့ ကားတတန် ၊ မြေအောက်ရထားတသွယ် စီးပြီးသွားမလို့ပါ။ အဲလိုသွားရင် အချိန်သိပ်မကုန်ဘူးလေ။ ဒါပေမဲ့အဲလိုသွားရင် လမ်းအများကြီးလျှောက်ရမယ်ဆိုလို့။ အဒေါ်က ခြေထောက်သိပ်မကောင်းဘူးလေ။ အဲဒါနဲ့ဘတ်စကား နှစ်ဆင့်စီးပြီးသွားဖို့ဆုံးဖြတ်လိုက်ရတယ်။ ဟိုရောက်တော့လဲ မထူးပါဘူး ၊ အထဲရောက်အောင် လမ်းတော်တော် လျှောက်ရတာဘဲ။

ပထမကားစစီးဖြစ်တော့ အနောက်မှာဘဲဝင်ထိုင်ဖြစ်တယ်။ အရှေ့မှာက ဦးစားပေးခုံတွေမို့လို့။ အဒေါ်က ခြေထောက်သိပ်မကောင်းဘူးဆိုတော့ လရိပ်က ထိုင်လို့လွယ်တဲ့ အဝထိုင်ခုံပေးထိုင်လိုက်တယ်။ လရိပ်က ဝင်ရခက်တဲ့အထဲကိုဝင်တာ။ ပထမတတန်းကို မဝင်ချင်ဘူး။ အဲဒီလူကြီးကဝလို့။ နောက်တလိုင်းကလူကြီးက ပိန်တယ်။ လူကြီးတွေက အဒေါ်အသက်လောက်ရှိပါတယ်။ ဝင်ဝင်ခြင်းဘဲ အဲဒီလူကြီးက " အားနာပါတယ်"တဲ့ ၊ လရိပ်က "ရပါတယ်"လို့ပြန်ပြောတယ်။ 
လရိပ်က အိတ်နှစ်လုံးလွယ်ထားတာပါ ၊ ပိုက်ဆံအိတ်ရယ် ၊ ကင်မရာအိတ်ရယ်။ ခဏနေတော့ ဘေးနားက လူကြီးက လာမေးတယ် 
"ဒီအမဲရောင်အိတ်ထဲကဘာလဲ"
"ကင်မရာပါ"

"ဪ ဘယ်သွားမလို့လဲ"
"ပန်းသွားကြည့်မလို့"

"ဘယ်မှာသွားကြည့်မှာလဲ"
"စွတ်လင်မှာ"
သုံးခွန်းအမေးအဖြေပြီးတော့ လရိပ်နားကို တိုးလာတယ်။ အဒေါ်ကလဲ အသံကြားတော့ လှမ်းကြည့်တယ်။ 

ပြီးတော့ သူကမကြားသလိုလိုနဲ့
"ဘယ်မှာ"
"စွတ်လင်မှာ"

"အဲဒီကိုသွားရင် ဒီကားနဲ့မရောက်ဘူး"
"ကျမသိတယ် ၊ ကားပြောင်းအုန်းမှာ"
အဲဒါလဲ ပြောပြီးရော လရိပ်နားကို ပိုတိုးလာတယ်။

"အင်း အင်း အပြင်လေးဘာလေးထွက်တာ ကောင်းတာပေါ့"
"ဟုတ်တယ် ၊ ဒီနေ့နေသာတယ်လေ"
အဲဒီလူကြီးက လရိပ်နားကို ထပ်တိုးလာပြန်တယ်။ လရိပ်က ပြတင်းပေါက်နဲ့ကပ်ရပ်သားဖြစ်နေပြီ။ လရိပ်လဲ ကြောက်ကြောက်လာတယ်။ အဲဒါနဲ့အမြန်ထွက်ပြီး အဒေါ်ထိုင်နေတဲ့နေရာနားမှာ မတ်တပ်သွားရပ်နေလိုက်တယ်။ လရိပ်ထွက်လာတော့ နေရာလွတ်သွားပြီလေ။ အဲဒီမှာ လင်မယား၂ယောက်ကလဲ ထိုင်ချင်လို့ထင်ပါရဲ့ ၊ လရိပ်အမေအရွယ်လောက်ရှိတဲ့အဒေါ်ကြီးက လာထိုင်တယ်။ ဒီတခါကျတော့ အဲဒီလူကြီးက အထဲမှာထိုင်ပြီး အဒေါ်ကြီးကို အပြင်မှာပေးထိုင်လိုက်တယ်။ အဒေါ်ကြီးဘာဖြစ်မလဲလို့ လှမ်းကြည့်လိုက်တာ အဒေါ်ကြီးက အထင်လွဲသွားပုံရတယ်။ 
"သမီး ထိုင်မလို့လား"
"ဟင့်အင်း မထိုင်ပါဘူး"
"ဟုတ်လား ၊ ဒါဆို ကျေးဇူးနော်"
"ဟုတ်ကဲ့ ၊ ရပါတယ် ၊ အားမနာပါနဲ့"

အဲဒီလူကြီးက အဒေါ်ကြီးကို စကားစပြောတယ်။ "ကောင်မလေးက သူ့အဘွားနားသွားရပ်နေတာ" ကြားလိုက်ရတော့ ရယ်ချင်စိတ်ကိုမနဲမြိုသိပ်လိုက်ရတယ်။ အဒေါ်ကြီးအမျိုးသားက လရိပ်နဲ့မလှမ်းမကမ်းမှာ ပြုံးစိစိနဲ့ရပ်နေတယ်။ ပြီးတော့ အဒေါ်ကြီးအမျိုးသားလဲ သူ့အမျိုးသမီးနားသွားရပ်နေပြီး သူတို့သုံးယောက်စကားတွေပြောကြတယ် ၊ အကျယ်ကြီး ၊ အကျယ်ကြီးဘဲ။ ကားထဲမှာ စကားကျယ်ကျယ်မပြောရဘူး လို့ ရေးထားတယ်။ ဘာတွေပြောလို့ ဘာတွေငြင်းမှန်းမသိဘူး။ ကားတကားလုံး သူတို့အသံကြီးဘဲ။ ကောင်လေးတယောက်ထလာပြီးသူတို့ကို လာပြောသွားတယ် "အားနာပါတယ် ၊ ကျေးဇူးပြု၍ ခင်ဗျားတို့စကားပြောတာ နဲနဲတိုးပြီးပြောပေးပါ ၊ ကျေးဇူးတင်ပါတယ်" ။ ၃ယောက်လုံးအသံတိတ်သွားတယ်။ လရိပ်လဲ နေရာရသွားတော့ သွားထိုင်တယ်။ လရိပ်ပထမ မရွေးခဲ့တဲ့ခုံကလူလွတ်သွားလို့။ နဂိုတည်းက အဲဒီခုံဘဲရွေးသင့်တာ။ အဲဒီအချိန်မှာဘဲ အနောက်ကလူတွေဆင်းသွားတယ်။ အဒေါ်ကြီးနဲ့သူ့အမျိုးသား အနောက်က နေရာမှာသွားထိုင်ကြတယ်။ နဲနဲကြာတော့ အသံကြားတယ်။ ဘာသံထင်လဲ? အဒေါ်ကြီးက သူ့ယောက်ကျားကို ဆူနေတာ။ " ငါလဲ ဟိုကောင်မလေးထသွားတော့ အဲဒီနေရာမှာသွားထိုင်လိုက်တယ် ၊ သူက စကားတွေစွတ်စပ်ပြောနေတာကိုး ၊ နင်ကကောဘာလို့သူနဲ့သွားစကားပြောတာလဲ @#@#----"  ။ 

လရိပ်တို့ဆင်းတဲ့အထိ သူ့ယောက်ကျားကိုဆူနေတုန်းဘဲ။ နောက်ကားတစီးပြောင်းပြီးတာနဲ့ လရိပ်ကြိုက်တဲ့နှင်းဆီပန်းခြံထဲကို တော်တော်လမ်းလျှောက်ပြီးမှ ရောက်သွားတယ်။ ခြံကြီးတခြံလုံး နှင်းဆီပန်းတွေပါဘဲ။ ရာသီဥတုကအရမ်းကောင်းတော့ ဓာတ်ပုံရိုက်ရတာ အဆင်ပြေတယ်။ 

ဓာတ်ပုံတွေများတော့ ဗီဒီယိုဖိုင်နဲ့ဘဲတင်လိုက်တယ်။ အကျယ်ချဲ့ကြည့်ရင် မှုန်မယ်ထင်တယ်။ ပုံတွေကိုတော့ လရိပ်မပြင်ထားပါဘူး။ ရိုက်ထားတဲ့အတိုင်းဘဲ ဗီဒီယိုဖိုင်လုပ်ထားတာပါ။ သီချင်းကတော့ ကိုစိုးသူရဲ့သီချင်းပါ။






လေးစားစွာဖြင့်
လရိပ်အိမ်

7 comments:

  1. လရိပ်ရေ ပန်းတွေကြည့်ရတာ အရမ်းစိတ်ချမ်းသာဖို့ ကောင်းတယ် လမင်းဆို ဓာတ်ပုံရိုက်ရင်ပန်းတွေပဲရိုက်တာများတယ် ပန်းတွေကြည့်ရလို့ ကျေးဇူးလရိပ်ရေ

    ReplyDelete
  2. စိတ်ကြည်နူးစရာ နှင်းဆီပန်းရောင်စုံလေး ကြည့်သွားတယ် လရိပ်ရေ... ဘတ်စ်ပေါ်က အတွေ့အကြုံလေးလည်း ဖတ်သွားတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ပန်းလေးတွေကလှလိုက်တာ မမရာ ... ညလေးက ပန်းထဲမှာ နှင်းဆီပန်းကို အကြိုက်ဆုံးပဲလေ ... :)

    ReplyDelete
  4. စွတ်လင် ဆိုတော့ ထိုင်ဝမ်က ထင်ပါရဲ့
    ပန်းလေးတွေ လှလိုက်တာ
    ရိုက်တဲ့သူတော်ချက်..

    ReplyDelete
  5. နှင်းဆီ က နှင်းဆီပန်းလေးတွေ ကြည့်ရင်း နစ်နစ်မျောမျော ခံစားခဲ့ပါတယ်.......း)

    ReplyDelete
  6. ကွန် မကေင်းတော့ ဗီဒီယိုဖိုင်ကလေးကို ကြည့်လို့မရဘူး
    ဘတ်စ်ကားပေါ်က အကြောင်းလေးတော့ ဖတ်သွားတယ်
    အဲသလို လူတွေ ရှိတယ်... :) ။

    ReplyDelete
  7. နှင်းဆီတွေ လှလိုက်တာ... အဲ့သီချင်းလေးက စိုးသူဆိုထားတာမလား အစ်မ...
    ကြိုက်တယ် :D

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်