Sunday, August 4, 2013

မလိုအပ်တော့သော အောက်ဆီဂျင်



ဒီတလောမှာ လရိပ် အရမ်းနေမကောင်းဖြစ်နေလို့ ဘလော့တွေကို မလည်ဖြစ်တာ တော်တော်ကြာပြီ။ အားလုံးကို အားနာမိပါတယ်။ စာတွေလဲ ရေးထားတာ တဝက်စီ။ 

ဖဘမှာ ကိစ္စတွေ ဖြစ်နေတာ တခုပြီးတခု ဆက်နေတာဘဲ။ လရိပ်ကို block တဲ့သူ ၊ မခေါ်ချင်တဲ့သူ ၊ အမုန်းကြီးသူ ၊ အမြင်ကပ်သူ ၊ အကြောင်းအရာတစ်ခုခုမေးရင် မဖြေချင်သူ ၊ လရိပ်ကို တုံးတယ်လို့မြင်သူ ၊ အထင်သေးသူ။ လူလူချင်း ဒီလိုနှိမ်ပြီးဆက်ဆံစရာလား။ လရိပ်ဟာ ပေါင်းသင်းဆက်ဆံရေးမှာ ညံ့တဲ့သူတစ်ယောက်ဖြစ်ရင်ဖြစ်နေမှာပါ။ 
ဒါပေမဲ့ လရိပ်ကိုခင်တဲ့သူကော ၊ မုန်းတဲ့သူကော ၊ ကြည့်မရတဲ့သူတွေအားလုံးကို လရိပ်ခင်နေသေးတယ်။ လရိပ်က စာတွေရိုက်နေပေမဲ့ လရိပ်ကို စာပြန်မရိုက်တဲ့သူတွေ ရှိနေတယ်။ တချို့ကတော့ အလုပ်များလို့ ၊ ဒါတွေက နားလည်ပေးလို့ရပါတယ်။တလလောက် လရိပ်ကဘဲစာရိုက်နေပြီး တလုံးမှ ပြန်မရိုက်တာတော့ မအားတာ ဟုတ်မယ် မထင်ဘူး။ 
လရိပ် block ခံရတဲ့ထဲမှာ  လရိပ်အချစ်ရဆုံးလူ နှစ်ယောက် ပါတယ်။ ဒီနှစ်ယောက်ထဲမှာ လရိပ်ရင်ထဲမှာ အရမ်းချစ်ရပြီးမှ တသက်လုံးမုန်းရမဲ့သူတစ်ယောက်ပါနေတယ် ၊ အမှန်ပြောရင် မုန်းတယ်ဆိုတာ သူ့ကို ကိုယ့်စိတ်ထဲမှာထားနေသေးလို့ဘဲဖြစ်တယ်။ လရိပ်က အဲလိုမဖြစ်ချင်ဘူး။ သာမန်လူတစ်ယောက်လို့ဘဲ သဘောထားချင်တယ်။ သူနဲ့ပတ်သက်ရင် ဘာခံစားချက်မှ မရှိချင်တော့တာပါ။

လရိပ်ဖဘထဲမှာ လရိပ်ကို အမြင်ကပ်နေသူတွေ အများကြီးရှိတယ်ဆိုတာ လရိပ်သိတယ်။ ဖဘဆိုတာကြီးက ဝင်မိတာကိုက လရိပ်အမှားပါ။ ဖဘထဲမှာ သူ့ဟာနဲ့သူ အဖွဲ့တွေကွဲနေကြတယ်။ လရိပ်က အကုန်လုံးကို ခင်တယ် ၊ ဒါပေမဲ့ လရိပ်ကို မတ်ဆေ့ထဲမှာ မကောင်းပြောသွားတဲ့သူတွေရှိပါတယ်။ ကွန်မန့်မန့်တာ အမှားမခံတဲ့လူလဲရှိတယ်။ လရိပ်မန့်တာမကြိုက်ရင်  like မလုပ်နဲ့ပေါ့။ ပြီးမှ အတွင်းမတ်ဆေ့ကနေ ဆရာကြီးစတိုင်နဲ့လာဆုံးမသွားတယ်။ နောက်ပိုင်း လရိပ်သွားမမန့်ဖြစ်တော့ဘူး။ သူတို့ဟာသူတို့ပျော်ရွှင်နေပါစေလေ။ လရိပ်က အစွဲအလမ်းကြီးပါတယ်။ တယောက်ယောက်ကို ခင်မိပြီဆိုရင်လဲ အရမ်းခင်ပါတယ်။ အဲဒါကို သူတို့ကို ကြိုက်နေတယ်ထင်ပြီး ကိုယ့်ကိုယ်ကိုယ်ဘဝင်လေဟပ်အထင်ကြီးနေသူများ ရှိနေပါတယ်။

လရိပ် ဘယ်သူ့ကိုမှ မ block တတ်ဘူး။ unfriend တော့လုပ်တတ်တယ်။ လရိပ်စိတ်ကို ထိခိုက်မိတယ်ဆိုရင် လရိပ် unfriend ဘဲလုပ်တတ်တယ်။ block နဲ့ unfriend က တူတယ်လို့ထင်ရပေမဲ့ မတူဘူး။ unfriend လုပ်ရင် သူ့စာမျက်နှာကို မြင်ရသေးတယ်။ block လုပ်ခံရတဲ့ စာမျက်နှာမြင်ရတာ စိတ်မကောင်းစရာ အရမ်းကောင်းတယ်။ လရိပ်ဖဘထဲမှာရှိနေတဲ့လူတွေတိုင်းကို လရိပ်မသိဘူး ၊ ကိုယ့်ကိုယ်ခင်လို့ လာအဒ်ထားသူတွေ နဲ့ကိုယ်ကခင်ချင်လို့သွားအဒ်ထားတာပါ။ ချက်တင်တောင်မလုပ်ဖူးဘူး။
လရိပ်က ဟန်ဆောင်ပြီးမပေါင်းသင်းတတ်ဘူး ၊ အဲဒါ သိပ်ခက်တယ်။ သူငယ်ချင်းလိုချင်တာတော့ ပြောဖွယ်ရာမရှိဘူး။ 

လောကကြီးထဲကို တစ်ယောက်ထဲဝင်လာရဲတဲ့ သတ္တိကတော့ မသေးဘူး။ ခုချိန်ထိလဲ အရှုံးမပေးချင်သေးဘူး။ ထွက်ခွါသွားရမယ်ဆိုလဲ အဆင်သင့်ဘဲ။ 

*** ဖဘကိစ္စရေးထားတာ လရိပ် blog ကို လာဖတ်ပြီး ကွန်မန့်တတ်သူ မပါဘူး။ 
လာဖတ်ပြီး တိတ်ဆိတ်စွာ ပြန်သွားသူလဲ ပါချင်မှပါမှာပါ။ 
လရိပ် blog ကို သိပေမဲ့ တခါမှယောင်လို့တောင်မဝင်တဲ့သူလဲပါချင်မှပါမှာပါ။
မတော်တဆပါလာခဲ့ရင်လဲ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်ခဲ့လဲဆိုတာတော့ ပြန်စဉ်းစားမိမှာပါ။ ဘယ်သူ့ကိုရည်ညွန်းပြောသွားတယ်ဆိုတာသိမှာပါ။


-------------------------------------------------------------------------------------------

Blogကနေ လရိပ် ခဏအနားယူမယ်နော်။ 
အရမ်းကို မောပန်းနေလို့ပါ။ 
တစ်စုံတစ်ယောက်သောသူကြောင့် လရိပ် ကျန်းမာရေး အရမ်းထိခိုက်သွားပါတယ်။ 
လရိပ်ကိုယ့်ကိုယ် ပြန်လည်ထူထောင်လာအောင် ကြိုးစားနေပါတယ်။

လူတစ်ယောက်ကို ကူညီမယ်လို့စိတ်ပိုင်းဖြတ်ထားရင် အဆုံးထိရောက်အောင် ကူညီလိုက်ပါ။
ရှေ့မှာ ကူညီခဲ့ပေမဲ့ နောက်ဆုံးမှာ သေအောင်သတ်မယ်ဆိုရင်တော့ နဂိုတည်းက ကူညီဖို့မစဉ်းစားပါနဲ့။ 
ကူညီခဲ့တာတွေကိုတော့ ကျေးဇူးတင်ပါတယ် မုန့်ကြိုးလိမ် ( သိပ်ကို ကျေးဇူးတင်ခံချင်နေသူသို့ )။ 
မကူညီနိုင်တော့ဘူးဆိုလဲ ဘာကြောင့်မကူညီနိုင်တာလဲဆိုတာ အမှန်အကန်ရှင်းပြပါ။ 
အမှန်ရှင်းပြမယ်ဆိုရင် လရိပ်လဲ လူထဲကလူတစ်ယောက်ပါဘဲ ၊ နားလည်ပေးနိုင်ပါတယ်။ 
ခုဟာက ............... >.< 

ဘဝလမ်းခရီးမှာ ရှေးဘဝက ပါလာတဲ့ ဝဋ်ကြွေးတွေကို အကုန်လုံးဆပ်သွားချင်ပါတယ်။

လေးစားစွာဖြင့်
လရိပ်အိမ်




Friday, July 12, 2013

အသည်းကွဲသွားသောသူများ

ဆန္ဒနဲ့ဘဝ
တထပ်တည်းကျလို့
ချစ်တဲ့သူ အချင်းချင်း
ဆုံတွေ့ရဖို့
ငါတို့နှလုံးသားတွေ
အကြိမ်ကြိမ်
ဘယ်လောက်များ
စတေးခံလိုက်ရပြီလဲ။

လေးစားစွာဖြင့်
လရိပ်အိမ်

Friday, May 31, 2013

..... အိမ် .....


ဘလော့ဂါမိတ်ဆွေများ....
အိမ်ပြင်ပြီးပါပြီ ၊ အရင်ထည့်ထားသော မိတ်ဆွေများရဲ့လင့်ကျန်ခဲ့ရင် အသိပေးပါ။
တမင်တကာချန်ထားတာ မဟုတ်ပါဘူး။
အရင် ထည့်တုန်းက ၁၀၀ကျော်တယ်။ ခုက ၁၀၀ရဲ့အောက်ရောက်နေလို့။ ဘယ်သူကျန်မှန်းမသိဘူး။

လေးစားစွာဖြင့်
လရိပ်အိမ်

Sunday, May 26, 2013

ဘလော့ဂါမိတ်ဆွေများသို့...


အိမ်အပြင်ကောင်းလွန်းလို့ဘလော့ဂါမိတ်ဆွေများရဲ့လင့်များ ပျောက်သွားပါသည်။ နေကောင်းရင် ပြန်ချိတ်ပေးပါမယ်။ ဘလော့မလည်တာတောင် တော်တော်ကြာသွားပြီနော်။

အိမ်ပြင်နေပါတယ် ၊ ဘာမှမပြောင်းလဲသေးပါလား ဟု စောဒကတက်ချင်သူများရှိနေပါလိမ့်မယ်။ မျှော်လင့်ချက်ကြီးစွာဖြင့် မစောင့်ကြပါနှင့်။ နေကောင်းခါစမို့အနားယူနေပါသည်။

အမဝယ်ပေးမည်ဟုပြောထားသော ဒိုမိန်း ၊ အနှစ်နှစ်အလလက ဘယ်သူဝယ်ပေးမည်ဟု စောင့်ခဲ့ရသော ဒိုမိန်း ၊ ဒိုမိန်း ဝယ်ပေးရန် မြန်မာပြည်မှ အမ၏မိတ်ဆွေတဦးအား အကူအညီတောင်းရာ ပြောထားသောရက် အချိန်မှီမပေးနိုင်၍ လက်မှိုင်ချနေရပါသည်။ ဖုန်းဆက်ရန် ဖုန်းကဒ်မရှိသောကြောင့် ငြိမ်နေရပါသည်။ အမ၏မိတ်ဆွေသည် အကြိမ်ကြိမ် အာမဘန္တေခံပြီး နောက်ဆုံးမှာ ဘာဖြစ်သွားတာလဲ? ဒေါ်လှ ၈၅၀၀ များထင်သွားလားမသိပါ။ :(((

ဝယ်လို့မရလဲနေပေါ့။ ဒီတိုင်းဘဲသုံးပေါ့။ ကျန်းမာရေးကောင်းအောင် ကုသိုလ်များများလုပ်မှနော်။ ဒါမှ အလုပ်လုပ်နိုင်မှာနော်။

လေးစားစွာဖြင့်
လရိပ်အိမ်

Sunday, May 12, 2013

ကမ္ဘာပေါ်ရှိ အမေများအားလုံးသို့..........



ဒီနေ့ဟာ ကမ္ဘာတဝန်းလုံးရဲ့ အမေများနေ့ပါ။

လရိပ်မှာ အမေနှစ်ယောက်ရှိတယ်။

မနှစ်ကလဲ  အမေနှစ်ယောက်လုံးကို အမေများနေ့အတွက် ပိုစ့်ကဒ်လေး လုပ်ပေးဖြစ်တယ်။ တယောက်တစ်ကဒ် ဒီဇိုင်းမတူပါဘူး။

ဒီနှစ်တော့ အဝေးရောက်နေတဲ့အမေကို ကဒ်လုပ်ပေးပြီး စာတိုက်ကနေပို့ပေးမယ်ဆိုတော့ အမေက မပို့နဲ့တဲ့ ၊ လုပ်ပြီးသိမ်းထားလိုက်တဲ့ ၊ လရိပ်ဆီရောက်မှ ယူမယ်တဲ့။ အဲဒါနဲ့လရိပ်လဲ ဒီမှာတူတူနေတဲ့အမေကိုဘဲလုပ်ပေးမယ်ပေါ့။အဝေးရောက်နေတဲ့အမေကို ဒီနှစ်မလုပ်ပေးဘူးလို့ပြောလိုက်မိတယ်။ အွန်လိုင်းကနေတော့ ကဒ်လေး ပို့ပေးမယ်လို့ဘဲပြောလိုက်တယ်။ အမေက လရိပ်မအားလဲ စကားတစ်ခွန်းပြောတာနဲ့ရပါတယ်လို့ပြောတယ်။

ဒါပေမဲ့ အမေက အဲလိုပြောပေမဲ့ အမေစိတ်ထဲမှာ စိတ်မကောင်းဖြစ်သွားတာကို လရိပ်ခံစားမိတယ်။

လရိပ်က ဒီတစ်လော စိတ်ရှုပ်စရာကြုံထားတော့ ခေါင်းထဲမှာ ဘာပုံစံလုပ်ရမယ်ဆိုတာ စဉ်းစားမရ ဖြစ်နေလို့ပါ။ မလုပ်ပေးချင်လို့ မဟုတ်ပါဘူး။ ဆေးထိုးခံရမဲ့နေ့မှာမှ ပြသာနာတစ်ခုဖြစ်နေလို့ ရှင်းရသေးတယ်။ စိတ်ကရှုပ်နေတော့ ဆေးထိုးထားတာ ခါတိုင်းနဲ့မတူဘူး ၊ တင်းပြီးနာနေတယ်။ တစ်ပတ်လောက် အိမ်မှာအနားယူလိုက်ရတယ်။ ခုတော့ သက်သာသွားပါပြီ။

အဲဒီနေ့ကလဲ လရိပ် ဒီကအမေကို လုပ်ပေးရင်းနဲ့ အဝေးရောက်နေတဲ့အမေအတွက်ပါ တခါတည်းလုပ်ပေးဖြစ်ပါတယ်။
ဒီကအမေက အဝါရောင်ကြိုက်တယ်။ အဝေးရောက်မေမေကိုတော့ အနီရောင်ပဲ လုပ်ပေးလိုက်တယ်။ ပြီးတော့ စကိုက်မှာ ပြလိုက်တယ်။ နှစ်ယောက်လုံးဆီက ဝမ်းသာတဲ့အရိပ်လေးတွေ မြင်တွေ့လိုက်ရတယ်။
လရိပ်လဲပျော်ပါတယ်။

ကမ္ဘာပေါ်ရှိ အမေများအားလုံးသို့..........
အမေများနေ့မှာ ပျော်ရွှင်ပါစေ။
Happy Mother's Day!
母親節快樂!

*အမေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။*


လေးစားစွာဖြင့်
လရိပ်အိမ်

Wednesday, April 17, 2013

နှစ်သစ်ဆုတောင်း



ပုံကတော့ လရိပ် မြန်မာပြည်ပြန်တုန်းက ပုဂံမှာရိုက်ထားတာပါ။ အဲဒီနှစ်က ပိတောက်ပန်းပွင့်တာတော်တော်စောတယ်။

Monday, April 1, 2013

တချို့လူတွေများ


တချို့လူတွေများ ----- အမြင့်ရောက်သွားပြီးရင် ပြန်မဆင်းတတ်ကြတော့ဘူး။ လှေကား သူများယူသွားလို့ဖြစ်မယ်။
ဘဝင်လေဟပ်နေသူများအားလုံးကို တည့်တည့်ပြောပါတယ်။
အရင်တုန်းကတော့ တန်းတူဆက်ဆံခဲ့ကြတာဘဲ။ ခုကျတော့သူတို့ကဘဲ လူအချင်းချင်း စကားပြောရတာ မတူသလို ၊ မတန်သလို။  ဒီလိုလူမျိုးကိုလဲ ဘယ်သူကမှခေါ်ချင်ပြောချင်မှာမဟုတ်ပါဘူး။
ဒီလိုစိတ်ထားမျိုးရှိသူတွေဟာ ရှေးဘဝက ပြုခဲ့တဲ့ကောင်းမှုကုသိုလ်ကံကြောင့် မပြုတ်ကျတတ်ပါဘူး။ အထိလဲမနာတတ်ပါဘူး။ တက်ပြီးရင်းတက်ပါဘဲ။
ရှေးဘဝက ကုသိုလ်ကံမကောင်းခဲ့ဘူးဆိုရင်တော့  ဒီအမြင့်(နာမည်မဟုတ်)ဘဝမှာ ကြာကြာမခံပါဘူး။ ပြုတ်ကျသွားရင်တော့ ဟိုးအောက်ဆုံးထိပါဘဲ။
ဘဝင်လေဟပ်နေသူများ ၊ ဘဝင်မြင့်နေသူများ စိတ်ထားကောင်းကောင်းထားကြပါလို့ ၊ တနေ့တော့ ဘယ်လမ်းကိုသွားရမလဲဆိုတာ အားလုံးသိပါရဲ့လား။

တချို့လူတွေများ ----- သစ္စာဖောက်သောသူငယ်ချင်း ၊ ပိုက်ဆံမက်ပြီး လှေနံ၂ဖက်မက နင်းချင်သောသူများ ၊ နင်းထားရက်နှင့်မနင်းဘူးလို့ဗြောင်ညာသူများ ၊ ပစ္စည်းပိုင်ဆိုင်မှုကိုဘဲမက်မောသောသူများ ၊ အွန်လိုင်းမှာ အချောင်ရတိုင်း , သူငယ်ချင်းမြှောက်ပေးတိုင်း တဖက်သားအားမညှာ ရင်ထဲကမပါ ရည်းစားစကားပြောသူများ ၊ ပိန်ပြီးမော်ဒယ်လိုလှပရမည့်အပြင်ပိုက်ဆံရှိသောသူကိုဘဲ ရွေးချင်သူများ ၊ သူများဖေ့ဘုတ်သူငယ်ချင်းများ ကြားထဲဝင်ပါပြီး ညတိုင်းညတိုင်း အရည်မရအဖတ်မရ ဖုန်းနှင့်သူ၏ချစ်လှစွာသောသူငယ်ချင်းကို ပြန်ပြန်ပြောပြပြီး ရန်တိုက်သောသူများ ၊ ဒီစာတွေကိုဖတ်ပြီး ကိုယ့်လိပ်ပြာကိုယ်မလုံသောသူများ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အထောင်းခံရမှာစိုးလို့ စိတ်ထဲမှရေးချင်တာများကို ဧပရယ်ဖူးလ် နေ့မှာ တချို့လူတွေများကို ရေးသားလိုက်ပါတယ်။
မည်သူ့ကိုမှမရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိသွားပါက ဧပရယ်ဖူးလ် ဟု မှတ်ယူကြပါ။ :)))

လေးစားစွာဖြင့်
လရိပ်အိမ်