Tuesday, October 30, 2012

ဟက်ပီး သီတင်းကျွတ်

ကောင်းကင်ပေါ်က ကြယ်တစုမှာခင်ဗျားဟာ................. ကြယ်ကလေးတလုံးဖြစ်ရင်ကျနော်လည်း .............ကြယ်ကလေးတလုံးပေါ့ကြယ်ကလေးတွေပေါင်းစုနေတဲ့ ကောင်းကင်မှာမျိုးဆက်သစ်တခုရဲ့ လတစင်းကြယ်ကလေးတွေရဲ့ဝိုင်းရံမှုအားမာန်နဲ့ လင်းလက်နေမှာပေါ့ကြယ်တွေစုံတဲ့ညမှာ လတစင်းသာမှာသေချာပါတယ်…။   လေးစားစွာဖြင့်လရိပ်အိမ်  

Saturday, October 20, 2012

လုပ်ကြ ... လုပ်ကြ

ဖုန်းဆက်တိုင်း
မင်းပြောတယ်
ငါကထားသွားလို့
ဝမ်းနဲတယ်တဲ့။

ငါလဲ
ထားခဲ့ချင်လို့မှ
မဟုတ်တာ။

အခြေအနေအရမို့
နားလည်ခိုင်းတာ
နောက်ဆုံး
နားလည်ရတဲ့သူဟာ
ငါ ဖြစ်သွားတယ်
ကောင်မလေးရေ။

မင်းက ... ခုဆိုရင်
မင်္ဂလာခန်းမထဲမှာ
ပျော်နေလောက်ပြီ။

လောကကြီးက
မတရားဘူး။

ဖယောင်းလမ်းက
ခရောင်းလမ်းကို
မကျော်နိုင်ဘူး။

စိတ်ထဲရှိတာပြောရင်
မင်းတကယ်
မတရားဘူး။

လေးစားစွာဖြင့်
လရိပ်အိမ်


***စာရေးဖို့အင်အားတွေ ပျောက်ဆုံးနေတယ်။
    ညီမလေး ရိုးမြေကျက ဗီဒိုအာဏာသုံးလာတယ်။
    စာမရေးရင် သူနဲ့စကားမပြောရဘူးတဲ့။
    သူလဲမပြောဘူးတဲ့။ ရေးပြီးပြီ ညီမလေးရေ။ ပျော်ရွှင်ပါစေ။ 
    ဪ ညီမလေးကပြောသေးတယ်။
    ဒီတစ်ခါပါဘဲတဲ့ ၊ နောက်အခေါက် မရေးလဲ စကားပြောပါမယ်တဲ့။
    အတည်နော် ၊ ညာရဘူး။း)))
    ဟုတ်ကဲ့ ... ရေးလိုက်ပါတယ်။ ကျေနပ်တော့နော်။

Tuesday, October 9, 2012

ရူးသွပ်ရင် ဖြစ်မယ် (တဂ်ပို့စ်)

လရိပ်ရဲ့ ပထမဆုံးတဂ်ခံရတဲ့ပိုစ့်လေးပါ။ တဂ်ပေးတဲ့ ဆရာဝေမိုးနိုင်(မုံရွာ)အား ကျေးဇူးအထူးတင်ပါတယ်။ တဂ်ခံရတဲ့အတွက်လဲ ရင်ထဲမှာ အတိုင်းအဆမရှိ ဝမ်းသာမိပါတယ်။ သိပ်တော့မရေးတတ်ပါဘူး ၊ ရေးတတ်သလိုဘဲ အတတ်နိုင်ဆုံး ရေးပေးမယ်နော်။

ငယ်ငယ်ကတည်းက စပြောရမယ်ဆိုရင်ဖြင့် ဒိုင်ယာရီ ရေးခြင်းကို အရမ်းဝါသနာပါပါတယ်။ စိတ်ထဲက ခံစားချက်ကို စာအုပ်ထဲမှာဘဲ နစ်မြုပ် ချရေးဖြစ်ပါတယ်။ ချစ်လှစွာသော အဖေကလဲလူ့လောကကြီးကနေ ထာဝရခွဲခွါသွားပြီဆိုတော့ အမေက စီးပွါးရေးဘဲ အာရုံစိုက်ရပါတယ်။ ကလေးတွေကိုတော့ ဂရုစိုက်ပါတယ်။ မိန်းမသားတစ်ယောက်အနေနဲ့ ယောက်ကျားမရှိဘဲ စီးပွါးရှာရတာ မလွယ်ကူပါဘူး။ အမေကတော့ပြောတယ် ဒီလောက်စာရေးဝါသနာပါရင် ကြီးလာရင် စာရေးဆရာမ လုပ်ပါတဲ့။ အဲလိုပြောတာကို အဲဒီကတည်းက ရူးသွပ်ခဲ့တယ်။ ဒါပေမဲ့ လရိပ်စာအုပ်တွေ ဝယ်ဖတ်ရမယ်ဆိုတာ နားမလည်ခဲ့ဘူး။ ကိုယ့်ကို ဘာလုပ်ရမယ်ဆိုတာ နားမလည်ခဲ့ဘူး ( မရင့်ကျက်တာ )။ ခုထိလဲ သိပ်မရင့်ကျက်သေးဘူး။ ကလေးဆန်တုန်းဘဲ။း) ငယ်ငယ်က အမေနဲ့လဲတူတူမနေခဲ့ရပါဘူး။ အမေက သူ့အမရှိရာနိုင်ငံခြားမှာအလုပ်သွားလုပ်နေခဲ့ရပါတယ်။  အဘိုး၊အဘွား၊အကိုနဲ့ဘဲတူတူနေခဲ့
တာပါ။ အကို ၁၀တန်းဖြေမဲ့နှစ်မှာမှ အမေပြန်လာတယ်။

ခုချိန်မှာဆို စာကရေးဆိုရင်ရေးဘဲပေါ့နော်။ ဒါပေမဲ့ စကားလုံးကြွယ်ကြွယ်ဝဝ ရသဆန်ဆန်တွေ မရေးတတ်ဘူး။ ဘာစာအုပ်ဝယ်ဖတ်လဲသိလား ၊ ပုံပြင်စာအုပ်ဖြစ်ပါတယ်။ အရမ်းကြိုက်တာ။ နဲနဲကြီးလာတော့ အိမ်နားမှာ ကာတွန်းစာအုပ်တွေငှါးဖတ်ဖြစ်တယ်။ အမေက အချစ်ဝတ္ထုတွေဖတ်တာမကြိုက်ဘူး။ ခိုးဖတ်ပါတယ်။ မီကိုဇူးဇင်၊နိုကိုဇူးဇင်၊လမင်းမိုမို၊ရှင်မိုးနဲ့လွန်းထားထားကိုဘဲအဖတ်များပါတယ်။ လရိပ်ဖတ်တာလွဲနေပုံရပါတယ်၊ ခုစဉ်းစားကြည့်နေတာလေ ၊ အကုန်မဖတ်ဘူး၊ စကားပြောတဲ့နေရာဘဲဖတ်တယ်။ အပျိုစင်မဂ္ဂဇင်း၊မဟေသီမဂ္ဂဇင်း၊ အာရောဂျံမဂ္ဂဇင်းတွေဖတ်ပါတယ်။ အာရောဂျံ ကိုဘဲဖတ်ဖြစ်တာများပါတယ်။ မင်္ဂလာမောင်မယ်ကိုတော့ လတိုင်းဝယ်ဖတ်တယ်။ အကိုဝယ်လာတဲ့စာအုပ်တွေဖတ်ဖြစ်ပါတယ်...ဆရာ ဖေမြင့်ရဲ့ နှလုံးသားအာဟာရ စာအုပ်တွေပါ။ နောက်ပိုင်းတော့ ဆရာမင်းလူ ၊ ဆရာ နီကိုရဲ စာအုပ်တွေဖတ်ပါတယ်။  ပိန်းတာလား မသိဘူး ၊ အဲဒီလိုတွေကို မရေးတတ်ဘူး။ စာရေးရရင်တော့ပျော်တယ်။ တွေ့တဲ့ပေါ်လျှောက်ရေးတာ ၊ ကြိမ်ယပ်တောင်ပေါ်မှာလဲရေးတယ်။ ဘာတွေရေးလဲလို့မမေးနဲ့။း))

လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ အွန်လိုင်းမှာ စာရေးဆရာမကြီး မစန္ဒာရဲ့ စာအုပ်တွေဖတ်ဖြစ်ပါတယ်။ အရမ်းကြိုက်သွားပါတယ်။ ဆရာမဂျူးရဲ့စာအုပ် ( မရှိမဖြစ်မိုး ) ကို တစ်အုပ်ဘဲဖတ်ဖူးပါတယ်။ ဦးလေးလာပေးတာပါ ၊ ဖတ်ကြည့်ပါတဲ့။ အရမ်းညွှန်းလို့သေချာဖတ်ပါတယ်။

ခုချိန်မှာ ကိုယ့်ရဲ့ဘလော့ဂါမိတ်ဆွေ ဂျူနီယာ ၊ စီနီယာတွေရဲ့အောင်မြင်မှုတွေခံစားနေရတာတွေ့တော့ အရမ်းအားကျမိပါတယ်။ အသီးအပွင့်တစ်ခုခံစားချင်ရင် ဒီလောက် ဘယ်လွယ်ကူပါ့မလဲနော်။ ခုတော့ အားရင် စာတွေလိုက်ဖတ်ဖြစ်နေပါတယ်။ မိတ်ဆွေတွေရဲ့ဘလော့မှာ စာတွေလိုက်ဖတ်ရင်း ၊ ကောမန့်တွေရေးရင်းနဲ့ပေါ့လေ။ အရင်တုန်းက ကောမန့်တောင်မရေးတတ်ဘူး။ နဲနဲတိုးတက်လာတာပေါ့နော် (ကိုယ့်ကိုအားပေးတာ)။ သက်တံဆယ်စင်းစာအုပ်( ထုတ်ဝေသူ ကိုရန်အောင်(ရေခဲငှက်) ၊ လရိပ် ကြော်ငြာပေးတယ်နော် ၊ ရောင်းကောင်းနေတာလဲ ကြားရပါတယ် ၊ ဒုတိယအကြိမ်ထွက်တော့မယ်ဆိုတာလဲ ကိုရန်အောင် FB မှာတွေ့ပါတယ်၊ ဒီနေရာကနေဘဲ လှိုက်လှဲစွာဝမ်းသာဂုဏ်ယူမိပါကြောင်း ပြောချင်ပါတယ် ) လဲ ကိုယ့်လက်ထဲမှာဆိုတော့ အရမ်းကာရော် အလွယ်တကူမဖတ်ဘူး။ သေချာခံစားပြီးဖတ်ပါတယ်။ ဖတ်ရမှာ နှမြောနေမိတယ် ၊ ကုန်သွားမှာစိုးလို့လေ။ အဲ.....ဒီလိုလဲမဟုတ်သေးပါဘူး။ တစ်နေ့တစ်ပုဒ်တော့မှန်မှန်ဖတ်တယ်။ ဒီတစ်ခေါက် ရန်ကုန်ပြန်ရင်လဲ ရသများများပါတဲ့စာအုပ်တွေ ဝယ်ဖတ်မယ်လို့ စိတ်ကူးထားတယ်။ အမေကတော့ပြောတယ် ၊ ရသ လိုချင်ရင် စာအုပ်မှန်သမျှ အကုန်ဖတ်တဲ့ ( ကျေးဇူးပါမေမေ )။ အမေက ကွန်ပြူတာ တအားကြည့်တာ မကြိုက်ပြန်ဘူး။ လရိပ်ရဲ့မျက်လုံးကို စိတ်ပူလို့ပါ။ အကိုက အမြဲပြောတယ် ၊ မျက်လုံးဆိုတာ အစားပြန်မရဘူးတဲ့ ၊ ကိုယ့်ကိုသိပါတဲ့ ၊ လူကြီးဖြစ်နေပြီတဲ့ ၊ နားလည်ပါတဲ့။

လရိပ်ဘလော့မှာ ဝတ္ထုတိုထက်ကဗျာတွေ ရေးဖွဲ့နေတာကတော့ ဘယ်လိုပြောရမယ်မသိပါဘူး။ ခံစားချက်ကြောင့်လို့ဘဲပြောရမလား၊ သူ့အလိုလို စကားလုံးတွေက အာရုံထဲမှာ ပေါ်လာတာ။ ခံစားချက်မရှိရင်လဲ မထွက်လာတော့ပါဘူး။ တကယ်တော့ လရိပ်က စာရေးခြင်းကို နှစ်သက်သူပါ။ ဝတ္ထုတွေလဲ ရေးချင်ပါတယ်။ လရိပ်ကြိုးစားပြီး ရေးကြည့်ပါအုန်းမယ်။ စိတ်ညစ်နေရင် စိတ်ထွက်ပေါက်က စာရေးခြင်းပါဘဲ။

နောက်တစ်ခု လရိပ်ရူးသွပ်နေတာ ဘာလဲဆိုတော့ Graphic and Web design  ပါဘဲ။ Graphic and Web ဒီဇိုင်နာတစ်ယောက် အရမ်းဖြစ်ချင်ပါတယ်။ စင်ကာပူဒီဇိုင်းကျောင်းမှာ ကျောင်းတက်နေရင်း တဝက်တပျက် နေမကောင်းလို့ ကျောင်းထွက်လိုက်ရပါတယ်။ ဒီနိုင်ငံမှာလဲ graphic နဲ့ပတ်သက်တဲ့အလုပ်လုပ်ဖြစ်ပါတယ်။ ဒီမှာ ကလေးငယ်လေးတွေ မူကြိုကျောင်းပြီးရင် ကလေးဘွဲ့ဝတ်စုံလေးတွေ ၊ အင်္ကျီလှလှလေးတွေဝတ် ၊ ဓာတ်ပုံရိုက်ကြပြီး စာအုပ်ထုတ်ကြပါတယ်။ လရိပ်က အဲဒီအတွက်စာအုပ်ထဲမှာပါဝင်မဲ့ဘောင်တွေ (Frame )ကို ဒီဇိုင်းလုပ်ပေးရပါတယ် ၊  ဓာတ်ပုံအယ်ဘမ်ရဲ့မျက်နှာဖုံးလေးတွေကိုလဲ ဒီဇိုင်းဆွဲပေးရပါတယ်။ သူဌေးကလဲ လရိပ်ရဲ့ဒီဇိုင်းတွေကြိုက်ပါတယ်။ ဒါပေမဲ့လေ ကံကြမ္မာက ကိုယ့်ဘက်မှာ လုံးလုံးလျားလျား မရှိဘူး။း((  ကျန်းမာရေးကြောင့် အလုပ်ထွက်လိုက်ရပါတယ်။ လရိပ်ကလဲ ခဏခဏ နေမကောင်းဖြစ်တတ်ပါတယ်။ ဖြစ်လိုက်ရင်လဲ အကြီးအကျယ်တွေကြီးပါဘဲ။ ကိုယ်ပါလာတဲ့ အတိတ်ကကံကြောင့်လို့ဘဲပြောရမလား ၊ ဟိုဘဝက သူများကို ဘာလုပ်ခဲ့လဲမှမသိတာ။

ရူးသွပ်ခြင်းတွေ ဆက်ဆက်နေတယ်။ ဒီဇိုင်းကျောင်းတက်ပြီးတည်းက D-SLR (Digital single-lens reflex) ကင်မရာ ( တကယ်တော့ မျောက်အုန်းသီး ကင်မရာပါ )နဲ့ပုံတွေကို တအားရိုက်ချင်တာ။ သိပ်ကိုရူးသွပ်နေလို့ အကိုက ဝယ်ပေးရှာတယ်။ ရိုက်တယ်။ သိပ်မရိုက်တတ်တော့ အကိုက ပြောတယ်။ ဒါဆိုရင်လဲ အော်တိုမစ်တစ်ဟာနဲ့ဘဲ ရိုက်ပါတဲ့။ Manual မထားနဲ့တဲ့။ မဖြစ်နိုင်တာ အကိုရာ။ ဒီကင်မရာနဲ့ အနောက်မှုန်ရှေ့ကြည် ၊ ရှေ့မှုန်အနောက်ကြည် ဒါမျိုးတွေရိုက်ချင်လို့ဒီကင်မရာဝယ်တာပါဆိုမှ။ အကိုက ပြောတယ်။ ညီမလေးတဲ့ Manual နဲ့ရိုက်တာ ပုံတွေပိုဝါးနေတယ်တဲ့။ လရိပ်လဲ ကြိုးစားပြီးရိုက်ပါတယ်။ ပုံ ၃၀လောက်ရိုက်မှ ကောင်းကောင်းလေး တစ်ပုံရတယ်။ ကျေနပ်ပါတယ်။ ရူးသွပ်ခြင်းတွေ လောဘကြီးတယ်လို့မထင်ပါနဲ့။ ဒါလဲ ရူးသွပ်ရင် အောင်မြင်နိုင်တာဘဲနော်။

ရူးသွပ်ရင်ဖြစ်မယ် ဆိုပေမဲ့ ခုချိန်မှာ ဘာမှမဖြစ်လာသေးတဲ့အတွက် ကိုယ့်ကိုယ်ကို ဆက်ကြိုးစားရင်း နောင်တကယ်ဖြစ်မဲ့အချိန်ကို မျှော်လင့်တောင့်တနေမိပါတော့တယ်

P.S... ဒီ post ကတော့ မဖျားခင် နှစ်ရက်လောက်ထဲက ရေးထားတာမလို့ပါ။


လေးစားစွာဖြင့်
လရိပ်အိမ်

Monday, October 1, 2012

I like U, LOVE U !

အရင်တုန်းကဘလော့မှာတင်ထားတဲ့ post လေးဖြစ်ပါတယ်။ ပင်လယ်ထဲကရေကို ဆားချက်ခြင်းဖြစ်ပါတယ်။း))
ဝင်းနီပူးဘယ်လောက်ကြိုက်လဲလို့ အိမ်မှာဘယ်နေရာကြည့်လိုက်ကြည့်လိုက် ဝင်းနီပူးချည်းဘဲ။ ဒါပေမဲ့ ဘေဘီပူး တော့မကြိုက်ဘူး။

ဝင်းနီပူးစတစ်ကာဆိုလဲဝယ်တာဘဲ ၊ ဝင်းနီပူးကွန်ပါဗူး ၊ဓာတ်ဗူး ၊ အရုပ် ၊ ဖိနပ် ၊ ခဲဖျက် ၊ လွယ်အိတ် ၊ မာဖလာ ၊ ဦးထုပ် ၊ ဘောပင် ၊ ယပ်တောင် ၊ အင်္ကျီ၊ဘောင်းဘီ၊ စောင် ၊ ဖုန်းချိတ် ၊ သော့ချိတ် ၊ နာရီ ၊ ပိုက်ဆံအိတ်၊ ခြေစွပ် ၊ သိပ်မဝတ်ရက်ဘူး။ သနားလို့။ ခြေသုတ်တဲ့ဟာလေး အမေဝယ်လာတယ် ၊ မနင်းရက်ဘူး ၊ ချစ်တာကိုး။  ရှိရှိသမျှ winnie pooh အသုံးအဆောင်ကြိုက်တာတွေ့ ရင်ဝယ်ဘဲ။

အိမ်ကလဲမျက်ခုံးလှုပ်နေရတယ်။ ဒီလောက်ဝယ်တာရင်တထိတ်ထိတ်နဲ့ ပေါ့။ အရမ်းကြိုက်ရင်နှစ်ခုဝယ်ပစ်လိုက်တယ်။ တစ်ခုသုံးပြီးတစ်ခုကသိမ်းထားတယ်။

ကြွားတာမဟုတ်ဘူး ၊ အရမ်းကြိုက်တာပါ။ ဖြစ်နိုင်ရင်တစ်ကိုယ်လုံးကိုဝင်းနီပူးနဲ့ ခြုံထားလိုက်ချင်တယ်။
ဟောင်ကောင်သွားလည်တဲ့နှစ်ကဆိုရင် winnie pooh ပုံအတိုင်း တကိုယ်လုံးညဝတ်အင်္ကျီရောင်းတယ်။ အရမ်းဈေးကြီးလို့ မဝယ်ခဲ့ရဘူး။ :( အရမ်းကြိုက်တယ်။

ဒီမှာကဝင်းနီပူး အင်္ကျီတွေ ဝယ်လို့ ရတယ်။ ဒစ်စနီး ကုမ္မဏီ က ထုတ်တာ။ ဈေးလဲသိပ်မကြီးပါဘူး။ တန်တာပေါ့ ၊ ကိုယ်ကြိုက်လို့ လားမသိဘူး ၊ အကုန်လုံးတန်နေတာဘဲ။

အဲဒါနှစ်တိုင်းဝယ်တယ်။ အဲဒါ ဒီနှစ်( ကြာခဲ့ပြီတဲ့နှစ်ပေါ့နော် post က အဟောင်းဆိုတော့ ) ဟိုတပတ်ကဝယ်မယ်ဆိုပြီး အင်္ကျီဆိုင်ကိုသွားတော့မရှိတော့ဘူး။ ကုမ္မဏီက သိမ်းသွားပြီတဲ့ ၊ စိတ်မကောင်းလိုက်တာ။ အိမ်ပြန်ရောက်တော့ပြောတယ်။ ဒါဆိုကိုယ့်မှာရှိတဲ့အင်္ကျီတွေလေလံတင်လို့ ရပြီလို့ ။ ဟဲဟဲ ၊ မတင်ပါဘူးနော် ၊ နောက်တာ။

ခုနေကောင်းသွားလို့ အလုပ်သွားလုပ်ရင် winnie pooh လော့ကတ်လေး ဝယ်မလားစိတ်ကူးတယ်။

မျက်လုံးအညောင်းခံဖတ်ပေးတဲ့အတွက်ကျေးဇူး။

လေးစားစွာဖြင့်
လရိပ်အိမ်